ရေဦး စက်တင်ဘာ ၁၈
၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ရာ အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျာင်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၃ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုသို့ယှဉ်ပြိုင်ကြရာ ကဗျာပြိုင်ပွဲတွင် ၁၁ ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ၁၂ ဦးဖြစ်ပြီး ပြိုင်ပွဲတွင် အကောင်းဆုံးကဗျာ၊ အကောင်းဆုံးစာစီစာကုံး ရေးသားနိုင်သူများကို ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်ပြီး ခရိုင်အဆင့်မှ တိုင်းဒေသကြီးအဆင့်ထိ ဆက်လက်ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပေးရခြင်းနှင့် ပတ်သက်ပြီး “ကျောင်းသား/ကျောင်းသူများ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ လက်အောက်ခံအဖွဲ့ (၄)ဖွဲ့မှ ကမ္ဘာ့ဆရာများနေ့ သတ်မှတ်ခဲ့ပုံ၊ ရည်ရွယ်ချက်၊ ဆရာတို့၏ ဂုဏ်အင်္ဂါ(၇)ပါး၊ မြန်မာ့ပညာရေး မျှော်မှန်းချက်နှင့် မြန်မာ့လူမှုဘ၀ကို ဆရာများ ပြုစုပျိုးထောင်ပေးနေပုံ၊ နိုင်ငံတကာတွင် လိုအပ်နေမည့် မျိုးဆက်သစ်ဆရာများကဏ္ဍနှင့် ပညာခေတ် ဆရာတို့၏ အရည်အသွေးစသည့် ဆရာအပေါင်း၏ကျေးဇူးကို သိရှိနိုင်စေရန် ကျင်းပပေးရခြင်း ဖြစ်ပါတယ်” ဟု ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်ဇော်မြင့်က ပြောကြားသည်။
သန်းသန်း (ရေဦး)