ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့မှ (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ရွှေဘို စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့အတွင်းရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည်  ၁၃ရက် နေ့နံနက်ပိုင်းမှ စတင်ကာ ရွှေဘိုမြို့တော်ခန်းမ၌ အခြေပြု၍ မြို့​ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာ​တော်များနှင့် ဒေသခံပြည်သူအား​ ကုသ​ဆောင်ရွက်​ပေးလျက်ရှိရာ ယမန်​နေ့က လူနာ (၆၉၂) ဦးကို ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၅၅ ဦး၊ ခွဲစိတ်ကုသမူဆိုင်ရာ ရောဂါ ၅၇  ဦး၊ ကလေးရောဂါ ၄၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၃၆ ဦး၊ အရိုးရောဂါ ၉၂ ဦး၊ နား နှာခေါင်း လည်ချောင်းရောဂါ ၅၃ ဦး၊ မျက်စိရောဂါ ၉၄ ဦး၊ သွားရောဂါ ၅၆ ဦးတို့ကို ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ၎င်းတို့ထဲမှ သာမာန်ခွဲစိတ်လူနာ ၁၁ ဦး၊ သွားရောဂါ ၇၂ ဦး၊ မျက်စိခွဲစိတ် လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၅၄ ဦး၊ Ultra-Sound ဖြင့် စမ်းသပ်လူနာ ၇၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၅ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၁၁၀ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်၊ ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်တို့ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့အပြင် ရောဂါလာရောက်ကုသသူ ၆၉၂ ဦးအနက်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံရန် လိုအပ်သူ ကျား ၁၃ ဦး၊ မ ၃၇ ဦး၊ ပေါင်း ၅၀ ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဉီးစီးဌာနမှ ကျား ၃၆ ဦး၊ မ ၁၀၅ ဦး၊ ပေါင်း ၁၄၁ ဦးအား Biometric အချက်အလက်ကောက်ယူပြီး UID နံပါတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့အပြင် ရွှေဘိုတပ်နယ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ ဆေးကုသမှု ခံယူနေသည့် ဒေသခံပြည်သူများအား စားရေး၊ သောက်ရေး အဆင်ပြေစေရန်အတွက် ထမင်းဆီဆမ်း၊ ကြက်ဥကြော်၊ အချိုရည်ဘူးများနှင့် ရေသန့်ဘူးများ လှူဒါန်းခဲ့သည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ​ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 

ခရိုင်ပြန်/ဆက်