ရေဦး စက်တင်ဘာ ၁၈
ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့ ပူးပေါင်းပြီး ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့ဆေးရုံကြီး ၀န်ထမ်းအိမ်ရာအနီး၌ ရေဦးမြို့နယ်အတွင်း တာ၀န်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာ၀န်ထမ်း အရာထမ်း/အမှုထမ်းများအား တန်ဘိုးသင့် စားသောက်ကုန်များ ရောင်းချပေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရနှင့် အဖွဲ့၀င်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးရာတွင် ၀န်ထမ်းတစ်ဦးလျှင် အာလူး(၂၅)ကျပ်သား၊ ကြက်သွန် (၂၅)ကျပ်သား၊ ကြက်ဥ(၅)လုံးပါ ပစ္စည်း သုံးမျိုးကို ငွေကျပ်နှစ်ထောင်ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း၊ အလားတူ ဒေသခံမိဘပြည်သူ (အခြေခံလူတန်းစား ) များအတွက်လည်း အပတ်စဉ် စနေနေ့တိုင်း ရွေ့လျားမော်တော်ယာဉ်ဖြင့် သတ်မှတ်နေရာများတွင် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း၊ ထို့ပြင် စားသုံးဆီများ ရောင်းချပေးနိုင်ရေးအတွက် ခရိုင်မြို့နယ်တာ၀န်ရှိသူများက စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ယနေ့၀န်ထမ်းများထံ ရောင်းချပေးခဲ့သည့် စားသောက်ကုန် အရေအတွက်အားဖြင့် အာလူး၊ ကြက်သွန်၊ ကြက်ဥ ပစ္စည်းသုံးမျိုးပါ အတွဲပေါင်း နှစ်ရာထိ ရောင်းချပေးနိုင်ခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးက ပြောကြားသည်။
သန်းသန်း (ရေဦး)