မကွေး စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၃) ကို စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်သည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် စိုက်ပျိုးမြေနှင့် ပတ်သက်ပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ရေး အထူးကြိုးပမ်း ဆောင်ရွက်ရန် လိုကြောင်း၊ မကွေးမြို့နယ်၊ ချောင်းဖြူကျေးရွာ၏တောင်ဘက် ဖလံရုံကျေးရွာ၏ အရှေ့ဘက် ကွင်းအမှတ် (၁၆၅၄) မြင်းကင်းကွင်းအတွင်းမှာ ဧရိယာ(၂၃.၀၀)ဧကခန့်ရှိပြီး အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာအား ဟင်းသီးဟင်းရွက်ဇုံအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိပါကြောင်း၊ ဒါနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာများ အနေဖြင့် ဝန်ထမ်းများ ဝယ်ယူစားသောက်နိုင်ရေးနှင့် ဝန်ထမ်းများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရေး ဌာနကြီး (၂၀) ကို လုပ်ကိုင်ခွင့်ချထားပေးသွားဖို့ စီမံလျာထားပါကြောင်း၊ လုပ်ငန်းအမြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြေနေရာ ရှင်းလင်းခြင်း လုပ်ငန်းများအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် တာဝန်ပေးအပ်ထားပြီး မြေနေရာ ရှင်းလင်းပြီးပါက သက်ဆိုင်ရာဌာနအလိုက်၊ ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား အမြန်ကွင်းဆင်းစီမံ ဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပတ်သက်ပြီး အရင်းမပျောက် မတည်ငွေ ကျပ်(၁၀)ဘီလီယံကနေ တိုင်းဒေသကြီးရဲ့အတွင်းမှာ ထုတ်ချေးဖို့ အဆိုပြုလာတဲ့လုပ်ငန်းတွေကို SOPs နှင့် ညီ/မညီစိစစ်ပြီး အတိုးပြား(၇၀)နှုန်းနှင့် ထုတ်ချေးပေး နေပြီဖြစ်ပါကြောင်း၊ ပထမအကြိမ် ထုတ်ချေး ငွေကျပ်(၂၈၅၇.၇၅၅)သန်း၊ ဒုတိယအကြိမ် ထုတ်ချေး ငွေကျပ်(၄၇၈.၃၃၆)သန်း၊ တတိယအကြိမ် ထုတ် ချေးငွေကျပ်(၉၅၂.၅၅၀)သန်းဖြစ်ပြီး စုစုပေါင်းကျပ်(၄၂၈၈.၆၄၁)သန်း ထုတ်ချေးထားပြီး ဆက်လက် ထုတ်ချေးပေးသွားမယ်ဆိုတာကို အသိပေးပြောကြားလိုကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ထက်၊ လယ်၊ မူအဆင့် ကျောင်းကျန်းမာရေးအဆင့်မြှင့် ထူးချွန်ဆုရရှိသည့် ကျောင်း (၃) ကျောင်းရွေးချယ်ပြီး အခြေခံပညာသို့ ပေးပို့တင်ပြပြီး တိုင်းဒေသကြီးအဆင့် အခမ်းအနားဖြင့် ဆုချီးမြှင့်ရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပုဂ္ဂလိကပညာရေးဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၅၀/၂၀၂၃) ရှင်းလင်းပွဲကို ကိုယ်ပိုင် ကျောင်းများနှင့် ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများအား ရှင်းလင်းပေးခြင်း၊ ပညာရေးဘီအီးဒီ တက်ရောက် မည့် သင်တန်းသားဦးရေ(၉၈၄)ဦးအား လျာထားတင်ပြ ဆောင်ရွက်လျက်ရှိပြီး ဖွံ့ဖြိုးရေးတက္ကသိုလ် တက်ရောက်မည့်သင်တန်းသား လျှောက်လွှာများခေါ်ယူခြင်းနှင့် မကြာမီ ဝင်ခွင့်စာမေးပွဲကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၄.၁၀.၂၀၂၃) ရက်နေ့မှ (၂၉.၁၀. ၂၀၂၃) ရက်နေ့အထိ နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီးအနေဖြင့် ပြည်ထောင်စု အဆင့်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်သည့်အတွက် ပြည်ထောင်စုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ပြိုင်ပွဲကျင်းပရေး ကော်မတီ/ဆပ်ကော်မတီ စုစုပေါင်း(၁၁)ခု ဖွဲ့စည်း ၍ ဆောင်ရွက်ထားရှိပြီး မကွေးတိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီးအလိုက် ပါဝင်ယှဉ်ပြိုင်နိုင်ရေး သတ်မှတ်ရက်မရောက်မီ ကျင်းပပြီးစီးရမည် ဖြစ်သည့်အတွက် နေ့ရက်များကို မြို့နယ်/ခရိုင်/ တိုင်းဒေသကြီးအလိုက် သတ်မှတ်ထားရှိပြီးဖြစ်သည့် အတွက်အားလုံးမှ ဆုတံဆိပ်များဆွတ်ခူးပြီး တိုင်းဒေသကြီး၏ ဂုဏ်ဆောင်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဆက်လက်၍ မိုးရာသီကာလအတွင်း တမာစိုက်ပျိုးခြင်း၊ ဝါးစိုက်ပျိုးခြင်း၊ ကျေးရွာထင်းစိုက်ခင်းများ စိုက်ပျိုးခြင်းလုပ်ငန်းများကို အောင်မြင်အောင် အလေးထား ဆောင်ရွက်သွားရန်ကိစ္စရပ်များ၊ ကျန်းမာရေးကဏ္ဍ ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးအတွက် တိုင်းဒေသ ကြီးအတွင်း ထပ်ဆောင်း ကာကွယ်ဆေး အရှိန်အဟုန်မပျက် ဆက်လက်ထိုးနှံနိုင်ရေးဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်း ကုန်ဈေးနှုန်း ကျဆင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြို့ရွာသန့်ရှင်းသာယာ လှပမှုရှိစေရေးအတွက် စုပါင်းသန့်ရှင်းရေး ဆောင်ရွက်ရန် ကိစ္စရပ်များတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက အစည်းအဝေး (၇/၂၀၂၃) ဆုံးဖြတ်ချက်များအား ဆွေးနွေးတင်ပြခဲ့ပြီး၊ တက်ရောက်လာသည့် ဌာနအကြီးအကဲများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တင်ပြခဲ့ကြပြီး၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်၊ ဥပဒေချုပ် ဦးတင့်ဝေနှင့်အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကာ၊ ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်ကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ သမဝါယမစာရင်းရေး၊စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)တွင် Distinct Diamond ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည့် RC(၂)ထပ် (၈၀'×၃၆'×၂၄')သင်တန်းသူ အိပ်ဆောင်နှင့် AGT ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည့် RC(၂)ထပ် (၈၀'×၃၆'×၂၄') သင်တန်းသားအိပ်ဆောင် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူတို့က သတ်မှတ်နေရာ အသီးသီးတွင် နေရာယူကာပန္နက်တိုင်များကို စိုက်ထူပေးပြီး အမွေနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ