မုံရွာ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအသက်သွေးကြောပင်ဖြစ်ပါကြောင်း၊ နိုင်ငံစီးပွားရေး၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME လုပ်ငန်းများဖြစ်သည့်အတွက် လုပ်ငန်းများပိုမိုရှင်သန်လာစေရန် ချေးငွေရရှိရေး၊ ကုန်ကြမ်းရရှိရေးနှင့် လျှပ်စစ်ရရှိရေး လိုအပ်ချက်များအားဖြေလျှော့၊ ဖြည့်ဆည်းပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME များသည် ပြည်သူလူထု၏ အလုပ်အကိုင်အခွင့် အလမ်းများစွာအား ဖန်တီးပေးနိုင်စွမ်းရှိခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲလာစေရေးနှင့် လုပ်သာကိုင်သာရှိသည့် စီးပွားရေးဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းအတွင်းမှ ဆန်၊ ဆီ၊ ပဲအမျိုးမျိုးစသည့် စားသောက်ကုန်များနှင့် အဝတ်အထည်များ၊ အိမ်သုံးနှင့်လူသုံးကုန်များထွက်ရှိရာ ယခုလိုထုတ်ကုန်ပစ္စည်းများအား ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး (One Region One Product)အစီအစဉ်ဖြင့် ဆောင်ရွက်သွားနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး စဉ်ဆက်မပြတ်ပံ့ပိုး ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် စီးပွားလုပ်ငန်းရှင်များအနေဖြင့်လည်း စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ထုတ်လုပ်ငန်းများအပေါ် မိမိတို့ဆောင်ရွက်ပေးရန်လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် MSMEs Association of Myanmar (UMFCCI)အတွင်းရေးမှူး ဦးစိုးဟိန်းက MSMEs Development Strategy Implementation Plan ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက စက်မှုဆိုင်ရာ မှတ်ပုံတင်ရေးကိစ္စရပ်များအားလည်းကောင်း၊ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ၊ရင်းနှီးမြုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများအားလည်းကောင်း အသီးသီးဆွေးနွေး ပြောကြားကြသည်။
ဆက်လက်ပြီး စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စစ်ကိုင်းစက်မှုဇုန်ဥက္ကဋ္ဌနှင့် စစ်ကိုင်းစက်မှုဇုန်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ထုတ်ကုန်ပစ္စည်းများနှင့် စက်ရုံ၏လုပ်ငန်း အခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချူပ်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ ခင်းကျင်းပြသထားသော စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ ပရိဘောဂပစ္စည်း၊ ပလပ်စတစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ မွေးမြူရေး ထုတ်ကုန်များနှင့် စိုက်ပျိုးရေးထုတ်ကုန်ပြခန်း စုစုပေါင်း ၆၆ ခန်းအား လိုက်လံကြည့်ရှုကြပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်ရှိ၊ Mingalar Sagaing Market တည်ဆောက်ရေးလုပ်ငန်းသို့ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ ဧရိယာစတုရန်း - ၂၄၆၀၀ အကျယ်တွင် ဆိုင်ခန်းပေါင်း - ၁၀၀ ကျော်ပါဝင်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ ကုန်မာဆိုင်များ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေနေရာများ ဖွင့်လှစ်ရောင်းချသွားမည့် လုပ်ငန်းအခြေအနေများအား လိုက်လံရှင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ၏ အပြီးသတ်လုပ်ငန်းများကို အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရပ်ကွက်နေပြည်သူများအတွက် အခြေခံလို အပ်ချက်များကို ဖြည့်ဆည်းပေးမည့် ကုန်ပစ္စည်းများကို ဦးစားပေးရောင်းချပေးမည့် ဈေးဆိုင်များပါဝင်သည့် ဈေးကြီးဖြစ်ရေးနှင့် ဈေးပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်ရေးကို အမြဲကြပ်မတ် ထိန်းသိမ်းသွားရေးတို့အားမှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာနေ့ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က အမှာစကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာနေ့ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာနေ့ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရေ/လေအရည်အသွေးစစ်ဆေးရေး ကိရိယာများနှင့် ဆုရပန်းချီများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်