ဖြူးမြို့နယ်၊ မင်းလမ်းကုလားကျေးရွာ၌ (VDP)ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ဖြူး စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လိပ်သေကျေးရွာအုပ်စု၊ မင်းလမ်းကုလားကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျောက်ရောမြေလမ်းခင်းခြင်းနှင့် ရေသန့်စင်စက်တပ်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ(VDP)စီမံကိန်းရန်ပုံငွေရရှိသည့် မင်းလမ်းကုလားကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် လမ်းအရှည်(၄၂၂၅)ပေ၊ အကျယ်(၁၂)ပေ၊ (၆)လက္မထုရှိ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စနစ်ဖြင့် သောက်သုံးရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။

ဖြူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)စီမံကိန်းဖြင့် ကြူအင်းကျေးရွာအုပ်စု၊ ကြူအင်းဆားဂွန်းကျေးရွာ၊ သာဓုကန်ကျေးရွာအုပ်စု၊ ကီလား(အနောက်)ကျေးရွာ၊ မင်းလမ်းကူးကျေးရွာအုပ်စု၊ မင်းလမ်းကူး(ရှမ်း)ကျေးရွာ၊  အမဲခေါင်ကျေးရွာအုပ်စု၊ စွန်သိုက်ကျေးရွာ၊  အမဲခေါင်ကျေးရွာအုပ်စု၊ လာလ်ဂန်ကျေးရွာ၊ သမင်ကွင်းကျေးရွာအုပ်စု၊ ကွင်းဝိုင်းကျေးရွာ၊ လိပ်သေကျေးရွာအုပ်စု၊ မင်းလမ်းကုလားကျေးရွာ၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ရမ်ပူကျေးရွာနှင့် ဇီးခုံကျေးရွာအုပ်စု၊ မြို့ချောင်းကျေးရွာတို့အား တစ်ရွာလျှင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေသိန်း(၁၅၀)စီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်ထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)