မြဝတီ စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အဆိုပါကျောင်းခန်းမဆောင်တွင် ကျင်းပသည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” တေးသီချင်းနှင့် ကဗျာလွတ်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပေးသည်။ ထို့နောက် မြဝတီခရိုင်ပညာရေးမှူး ဦးသန်းဆွေဦးက အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာသင်ကြားသင်ယူမှုအပြင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ရသ သက်မွေးဘက်စုံ ပညာရေးဆိုသည့် စနစ်သစ်ပညာရေးတွင် ဘက်စုံလွှမ်းခြုံနိုင်ပြီး ထူးချွန်ထက်မြက်နေစေရေးတို့နှင့် စပ်လျဉ်း၍ အမှာစကားပြောကြား ပေးသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့ရာ အတန်းလိုက် အေအဆင့်သတ်မှတ်ချက်နှင့် အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ (၉၈) ဦးတို့အား ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိဘဆရာအသင်းမှ ကျောင်းအကျိုးတော်ဆောင်များနှင့် ဖိတ်ကြားထားသည့် ကျောင်းသားမိဘများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)