အိမ်မဲ စက်တင်ဘာ ၁၇
လူငယ်များဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်ပြီး အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့မှပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို အ.ထ.က(၂)ပညာ့ဗိမာန်ခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်မင်းတို့က အဖွင့်အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုပြောကြားရာ၌ “ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့ စကားအတိုင်း နိုင်ငံရဲ့အနာဂတ်ကိုပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူငယ်များနားထောင်ပြီးအသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဖလှယ်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိစေရန်နှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက်” လူငယ်စကားဝိုင်းကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်/ဆက်ဦးစီး အရာရှိဒေါ်ဌေးဌေးလှိုင်၊ လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်ဖြိုးဝေလွင်တို့နှင့်အတူ Grade -12 မှ မောင်ဥာဏ်လင်းအောင်က “လူငယ်နှင့်ရည်မှန်းချက်” ၊ Grade -12 မှ မနှင်းပွင်းစံက “စည်းကမ်းဟူသည်လူ့တန်ဖိုး”၊ Grade – 10 မှ မမေဇင်ကျော် က “လူငယ်နှင့်အကျင့်စာရိတ္တ”၊ Grade -10 မှ မကြည်သာမြတ်နိုးက “မျိုးချစ်စိတ်ဓာတ်နဲ့ယနေ့လူငယ်”၊ Grade -11 မှ မောင်ဝေနိုင်ထွန်း က “ကိုယ်လက်လှုပ်ရှားအားကစား” ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ သည်။ ယင်းနောက်အခမ်းအနားတက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများကပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ ရရှိစေမည့်စာအုပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများစိတ်ပါဝင်စား စွာလေ့လာကြည့်ရှုခဲ့ကြသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)