ဟင်္သာတမြို့နယ်တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဟင်္သာတ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကျုံတွမ်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁ဝ) နာရီက ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းနှင့် ဝန်ထမ်းများ၊ အခြေခံပညာအလယ်တန်းကျောင်း (ကွမ်းခြံကုန်း)မှ တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၅၀) ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် တာဝန်ခံကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းက “ရာသီဥတုပြောင်းလဲမှုလျော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကာ ကွမ်းခြံကုန်းကျောင်ရှိ ကျောင်းစာကြည်တိုက်တွင် အသုံးပြုရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးစာအုပ်များ၊ သုတရသစာအုပ်များအား ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ကျောင်းသား/သူများနှင့် ဟောပြောပွဲသို့ တက်ရောက်လာသူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)