ကျိုက်လတ် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျိုက်လတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ(၂)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ရီရီမြင့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ရီရီမြင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြတ်နိုးသူတို့နှင့်အတူ Grade-8 မှ မောင်လင်းပြည့်အိမ်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade-9 မှ မရွှန်းမြတ်ရွှေရည်က လူငယ်နှင့်စာရိတ္တ၊ Grade-8 မှ မောင်မင်းလတ်က လူငယ်နှင့်စာပေနှင့် Grade-9 မှ မမေမီကိုက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီးဒေါ်သန်းသန်းအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်နှင့် ကျောင်းအကျိုးတော်ဆောင် ဦးမင်းဦးတို့က ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရစာအုပ်များနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ရီရီမြင့်