ဝန်းသိုမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေး ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ဝန်းသို စက်တင်ဘာ ၁၇

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ဝန်းသို)၊ မြတ်ဆရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခွင်ကြည်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲ အခမ်းအနားကိုကျင်းပရာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က ပညာဟူသည်ဘဝရှေ့ဆောင်၊ စာဖတ်ခြင်း၏အကျိုး၊ အနှစ်သက်ဆုံးစာအုပ်တစ်အုပ်၊ ပညာမရှိသူ၏ဝန်ထမ်း၊ စာပေတတ်ကဘဝစိုပြေ၊ လက်ဦးဆရာသခင်ကျေးဇူရှင်၊ ကျွန်ုပ်အနှစ်သက်ဆုံး ဆရာ/ဆရာမတစ်ဦး၊ တပည့်နှင့်ဆရာရေနှင့်ကြာ၊ ဆရာမပြနည်းမကျ၊ ဆရာဟူသည်ဥယျာဉ်မှူး၊ တပည့်မကောင်းဆရာ့ခေါင်း၊ နာသုံးနာပိုင်ရှင်ဆရာသခင်၊ ဓားသွေးကျောက်ပမာဆရာ့မေတ္တာစသည့် ခေါင်းစဉ်(၁၈)ခုတို့အနက် မဲကျရာခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ အထက်တန်းအဆင့်တွင် ပထမဆုရရှိသူ မစုကောင်းပုံ၊ ဒုတိယဆုရရှိသူ မမေဖူးခိုင်၊ တတိယဆုရရှိသူမကြူကြူလင်းနှင့် အလယ်တန်းအဆင့်တွင် ပထမဆုရရှိသူမဆုရည်လှိုင်၊ ဒုတိယဆုရရှိသူမနေခြည်ဆွေ၊ တတိယဆုရရှိသူမမင်းဟေမာန်သန့်တို့အား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ကျန်ရှိသည့်ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား နှစ်သိမ့်ဆုအဖြစ် ဗလာစာအုပ်များကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါကျပန်းစကားပြောပြိုင်ပွဲအခမ်းအနားသို့ မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အ.ထ.က(ဝန်းသို)ကျောင်းအုပ်ဆရာမကြီးဒေါ်ထွေးထွေးမော်နှင့် ဆရာ၊ ဆရာမများ၊ အမှတ်ပေးဒိုင်အဖွဲ့ဝင် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းဦးရေ (၅၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)