ဝန်းသိုမြို့၌ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

ဝန်းသို စက်တင်ဘာ ၁၇

၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ ပန်းတိုင်စံပြကွက်အထွက်နှုန်းတိုးတက်မြင့်မားစေရန်အတွက် တောင်သူအသိပညာပေးဆွေးနွေးပွဲနှင့် တောင်သူများအား MPE ထုတ် ယူရီးယာဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာရောင်းချပွဲအခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေးဆွေးနွေးပွဲတွင် ကောလင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြာသည်။ ဆက်လက်၍ ခရိုင်မြေအသုံးချရေးတာဝန်ခံဒေါ်နီနီလွင်က နွားချေးမြေဩဇာ စနစ်တကျသိုလှောင်ထားရှိရေး နည်းစနစ်များအကြောင်းကိုလည်းကောင်း၊ ဝန်းသိုမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးတင့်ဆွေက သဘာဝမြေဩဇာနှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံဒေါ်ဌေးက စပါးခင်းတွင်လက်ရှိကြုံတွေ့နေရသော ပိုးမွှားကျရောက်မှုအခြေအနေနှင့် ကာကွယ်ရေးနည်းလမ်းများအကြောင်းကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပန်းတိုင်ဧရိယာစိုက်တောင်သူ(၄၁)ဦးအား MPE ထုတ် ယူရီးယာဓာတ်မြေဩဇာများကို သတ်မှတ်ဈေးဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်း ဝန်းသိုမြို့နယ်အတွင်း ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး(၃၈၉၉၁)ဧက စိုက်ပျိုးထားရှိရာ ပန်းတိုင်စံပြကွက်လျာထားဧက (၃၅၀၀)ဧက၊ မျိုးစေ့ထုတ်စံပြကွက်ဧက(၅၀)၊ SRI စံပြကွက်(၁၀)ဧကနှင့် ပန်းတိုင်စံပြကွက် (၆၀)ဧကတို့ကို စိုက်ပျိုးထားရှိပြီး လက်ရှိအချိန်တွင် မိုးစပါးများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်း