ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(အိုးဘိုကုန်း)တွင် လူငယ်စကားဝိုင်းကျင်းပ

ပေါက်ခေါင်း      စက်တင်ဘာ     ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲက အ.ထ.က(အိုးဘိုကုန်း)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က  အဖွင့်အမှာစကားပြောကြားသည်။ ထို့‌နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များဖြစ်သော ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အသိပညာများတိုးတက်လာစေရန်၊ ပရိတ်သတ်ရှေ့တွင်ပြောရဲဆိုရဲရှိတတ်စေရန်နှင့် လူငယ်အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင်ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ဦးဆောင်မိတ်ဆက်ပေးပြီး ဆွေးနွေးပွဲစတင်ကျင်းပခဲ့ရာ လူငယ်နှင့်မူးယစ်‌ဆေးခေါင်းစဉ်ဖြင့် Grade-11(A) မှ မောင်ခန့်ဇော်သူလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် Grade-11(A) မှ မယဉ်မိုးအောင်ကလည်းကောင်း၊ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် Grade-11(A) မှ မိုင်ဝင့်ရွှေရည်ကိုကလည်းကောင်း၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် Grade-11(A) မှ မောင်ပိုင်စံထက်ကျော်ကလည်းကောင်း၊ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် Grade(11)A မှ ဆလိုင်းမိုးယံဦးကလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးပြောကြားမှုအကြောင်းအရာများအပေါ် သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူလေးများကမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါလူငယ်စကားဝိုင်းသို့ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)