မြဝတီ စက်တင်ဘာ ၁၇
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စားအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်းက ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံး ခရမ်း လွန်ရောင်ခြည်သင့်မှုအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ကျင်းပခြင်းဖြစ်ကြောင်း၊ ၁၉၈၅ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းစောင့်ရှောက်မှုသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် (၃၈)နှစ် ပြည့်မြောက်ပြီး ဖြစ်၍ ယခုနှစ် ဆောင်ပုဒ်မှာ “ရာသီဥတုပြောင်းလဲမှုလျော့ချရေး အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ပေး” ဖြစ်သည့်အတွက် ကမ္ဘာပေါ်ရှိသက်ရှိ သတ္တဝါ များကို ကာကွယ်နိုင်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားပေးသည်။
ဆက်လက်၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပေးပို့သည့် ဗီဒီယိုကလစ်ကို ပြသပေးပြီး ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းနှင့် အလယ်တန်းအဆင့် ပထမဆုရရှိသူ(၂)ဦးအား ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး နိုင်ဝင်း၊ ဒုတိယဆု ရရှိသူ(၂)ဦးအား ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ တတိယဆု ရရှိသူ(၂)ဦးအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ အထက်တန်းအဆင့် နှစ်သိမ့်ဆုရရှိသူ (၂)ဦးအား ခရိုင် ဥပဒေအရာရှိ ဦးစောစံဝင်းနှင့် အလယ်တန်းအဆင့် နှစ်သိမ့်ဆုရရှိသူ(၂)ဦးအား ခရိုင်ဒုတိယရဲမှူး အောင်မျိုးလွင်တို့က ဆုများအသီးသီး ချီးမြှင့် ပေးသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ခင်းကျင်းပြသပေးသည့် မှတ်တမ်း ဓာတ်ပုံများနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ဌာနဆိုင်ရာအကြီးအကဲ များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။