တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်ငူ စက်တင်ဘာ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့်  “စာကောင်းပေကောင်းရဲ့အရသာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) နာယက(၁)စာရေးဆရာ ကေတုမောင်ညိုလင်းက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက  စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  စာဖတ်ဝိုင်းကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) နာယက(၁)စာရေးဆရာကေတုမောင်ညိုလင်းက “စိတ်ထားအလှ” ခေါင်းစဥ်ပါအကြောင်းအရာများ၊ (Book Club) နာယက(၂) ဦးမြသိန်းက “သုတနှင့်မုတအတွေ့အကြုံ” ခေါင်းစဥ်ပါအကြောင်းအရာများ ၊ (Book Club)ဥက္ကဋ္ဌ မောင်ယဥ်ထွေး(တက္ကသိုလ်)က “အမြင်မှန်ကန် အတွေးအကြံ” ခေါင်းစဥ်ပါအကြောင်းအရာများ၊ အဖွဲ့ဝင် ဦးချစ်ကိုကိုက “စာကောင်းပေကောင်းရဲ့အရသာ” ခေါင်းစဥ်ပါအ​ကြောင်းအရာများ၊ အဖွဲ့ဝင်ဦးဝင်းမြင့်က မသိစိတ်ရဲ့ အစွမ်းသတ္တိ” ခေါင်းစဥ်ပါ အကြောင်းအရာများနှင့် အဖွဲ့ဝင် ဦးသန့်ဇင်က “ တစ်ထောင့်တစ်နေရာ” ခေါင်းစဥ်ပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။ ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊   Sweet Family ကိုယ်ပိုင်အထက်တန်းကျောင်းမှ (Grade-9) ကျောင်းသားကျောင်းသူများက ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) နာယက(၁)စာရေးဆရာ ကေတုမောင်ညိုလင်းက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။

တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများတစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို ( ပြန်/ဆက်)