၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်

ကသာ စက်တင်ဘာ ၁၇

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းကျော်ကျော်က အဖွင့်အမှာစကားပြောကြားရာ၌ ကမ္ဘာကြီးကို လေထုအလွှာ(၅)လွှာဖြင့် လွှမ်းခြုံထားပါကြောင်း၊ အိုဇုန်းလွှာရဲ့အကျိုးပြုပုံ၊ အိုဇုန်းလွှာပျက်စီးမှုအား စတင်တွေ့ရှိလာပုံ၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် အိုဇုန်းလွှာပြန်လည်ကောင်းမွန်လာစေဖို့ မျိုးဆက်သစ်လူငယ်များနှင့် လက်ရှိပြည်သူများ အားလုံးဝိုင်းဝန်းပါဝင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြဖို့ တိုက်တွန်းနိုးဆော်ကြောင်း ပြောကြားခဲ့သည်။

ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် “ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး”ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်/ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/ ကျောင်းသူများကို ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်အဆင့်၊ မြို့နယ်အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆုရကျောင်းသား/ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။ 

ကျော်စွာထွန်း(ကသာ)