(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ထားဝယ် စက်တင်ဘာ ၁၇

အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်မည့် (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှဦးဆောင်၍ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့်ပြင်ပလူနာဌာနအပေါ်ထပ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

စုပေါင်းသွေးလှူဒါန်းရာတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးခင်ကျော်ဦးဆောင်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်တပ်ဖွဲ့ဝင်များ စုစုပေါင်း(၃၉)ဦးတို့က ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြသည့် ဝေဒနာရှင်များမှသွေးလိုအပ်သည့်အခါ အဆင်ပြေစွာဖြင့် သွေးသွင်းကုသနိုင်ရန်အတွက် သွေးလှူဘဏ်သို့ စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးခင်ကျော်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးမှူးဒေါက်တာအောင်ငွေစံ၊ ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာဆွေဆွေအောင်နှင့်တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းကြသူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)