ကြံခင်းမြို့နယ် အခြေခံပညာ (မူလွန်) မြို့မတောင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကြံခင်း စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ကျောင်းသား/သူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေဗဟုသုတများ တိုးပွားပြီး ပြင်ပဗဟုသုတများ စုံလင်စွာရရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မရပ်ကွက်၊ အခြေခံပညာ(မူလွန်) မြို့မတောင် ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ အခြေခံပညာ(မူလွန်) မြို့မတောင်ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က အသိပညာပေး ဟောပြောပွဲတွင် ကျောင်းသား/သူ များအနေဖြင့် ပြင်ပဗဟုသုတများ တိုးပွားစေရန်၊ အလေးထားနားထောင် မှတ်သားကြဖို့ ပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန (မြို့နယ်တာဝန်ခံ) ဦးကျော်နိုင်ဝင်းက စားသုံးရန်မသင့်သော အစားအစာများနှင့် အချိုမှုန့်၏ ဆိုးကျိုးများအား အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေး အတွက် စာဖတ်ဝိုင်းပြုလုပ်ပေးကာ မြို့နယ်ဦးစီး အရာရှိက  အမှတ်တရလက်ဆောင်များပေးအပ်ပြီး  အသိပညာပေး နံရံကပ်စာစောင်များပြသပေးရာ စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာကြ ကြောင်းနှင့် ဟောပြောပွဲသို့ အခြေခံပညာ (မူလွန်)မြို့မတောင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၁၇၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)