မြိတ် စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၂၄) ကြိမ်မြောက်၊ မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကို အမျိုးသားယဉ်ကျေးမှု ဂုဏ်သိက္ခာနှင့်တန်ဖိုးကို အလေးထားမြတ်နိုးပြီး အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရန်အတွက် မြိတ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့က ကျင်းပခဲ့သည်။
နိုင်ငံ၏သမိုင်းနှင့်ယှဉ်၍ ပေါ်ပေါက်လာခဲ့သည့် ရိုးရာအနုသုခုမပညာရပ်များကို ယခုအခါတွင် နိုင်ငံတော်မှ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဦးတည်ချက် (၄) ရပ်ဖြင့် (၂၄) ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် ပြိုင်ပွဲများ ကျင်းပ လျက်ရှိကြသည်။
ပြိုင်ပွဲကို အဆို၊ အက၊ အရေး ၊အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို ဒိုင်အဖွဲ့ဝင်ဦးအေးစိုးက ပြောကြားသည်။
ထိုနောက် မြိတ်တက္ကသိုလ် အနုပညာအသင်းက အဖွင့်သီချင်းသီဆိုခဲ့ကြပြီး (၂၄) ကြိမ်မြောက် မြန်မာရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီး ပြိုင်ပွဲစတင်ခဲ့သည်။
အဆိုပြိုင်ပွဲတွင် ခေတ်ဟောင်း/ကာလပေါ်၊ မဟာဂီတ၊ အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်တင်ရေး၊ အကပြိုင်ပွဲတွင် တပင်တိုင်အက၊ အခြေခံကဗျာလွတ်အက၊ အတီးပြိုင်ပွဲတွင် စန္ဒယားနှင့် ပတ္တလား ပြိုင်ပွဲအမျိုးအစားများဖြင့် ကျင်းပခဲ့ရာ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်မောင်မယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် အကဲဖြတ် အမှတ်ပေးဒိုင်များအား အမှတ်တရလက်ဆောင်၊ ဆုရရှိသော ပြိုင်ပွဲဝင်များအား ဆုတံဆိပ်များနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)