ဂန့်ဂေါမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဂန့်ဂေါ စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ ဂန့်ဂေါခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ) တို့ ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို အဆိုပါကျောင်း ပုံညာခန်းမ၌ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာအခမ်းအနားတွင် ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် အိုဇုန်းလွှာသည် လူသားအားလုံးအတွက်သာမက လက်ရှိကမ္ဘာဂြိုလ်ကို သက်ရှိကမ္ဘာဂြိုလ်အဖြစ် ဆက်လက်တည်တံ့နိုင်ရေး အရေးကြီးပါကြောင်း၊ သဘာဝ အိုဇုန်းလွှာ သည် နေရောင်ခြည်တွင်ပါဝင်သည့် ခရမ်းလွန်ရောင်ခြည်များအနက် ခရမ်းလွန်ရောင်ခြည်-ဘီ (UV-B)ကို ကမ္ဘာမြေပြင်ပေါ် မကျရောက်စေရန် ၉၅% မှ ၉၉% ထိ နေကာသဖွယ် အကာအကွယ် ပေးထားကြောင်း၊ ယခုအခါတွင် စက်ရုံအလုပ်ရုံများမှ မီးခိုးမြူငွေ့များ၊ တောမီးလောင်ရာမှ ထွက်ရှိ သည့် မီးခိုးငွေ့များ၊ ယာဉ်အမျိုးမျိုးကထွက်ရှိသည့် မီးခိုးမြူငွေ့များကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အပါအဝင် မှန်လုံအိမ်ဓာတ်ငွေ့များဟာ ကမ္ဘာကို လွှမ်းခြုံထားပြီး ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေကာ အိုဇုန်းလွှာပါးလာမည် သို့မဟုတ် ပေါက်သွားမည်ဆိုလျှင် အန္တရာယ်ဖြစ်စေသော ခရမ်းလွန်ရောင် ခြည်များ ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်၍ လူနှင့်သတ္တဝါအားလုံးရောဂါများ ထူပြော၍ ဒုက္ခရောက် ကြရမှာဖြစ်ကြောင်း၊ ထို့ကြောင့် အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများတွင် ကျောင်းသား လူငယ်များအနေဖြင့် “ရာသီဥတုပြောင်းလဲမှု လျော့ချရေး အိုဇုန်းလွှာကို ထိန်းသိမ်းကာကွယ်ပေး” ဆောင်ပုဒ်နှင့် အညီ ပစ္စုန်ပ္ပန်နဲ့ အနာဂတ်မျိုးနွယ်ဆက်များအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများမှာ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲမှ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အ.ထ.က(ဂန့်ဂေါ) Grade-11 မှ မကြည်ဟေမာန်လွင်အား လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က ဒုတိယဆု ရရှိသည့် အ.ထ.က (မြို့မ)  Grade-10 မှ မယွန်းရတီဖြိုးအား လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အောင်ဇော်ဝင်း က တတိယဆုရရှိသည့် အ.ထ.က (မြို့မ)  Grade-11 မှ မအိမ်သူခင်အား လည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့ကာ ဆုရရှိသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂန့်ဂေါခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြသသည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသ၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)