ဘားအံ စက်တင်ဘာ ၁၆
ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပသည့် ၂၀၂၃ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်းပြောကြားသည်။
အဆိုပါအခမ်းအနားကို “ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး”ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အိုဇုန်းလွှာပျက်စီးမှုကြောင့် လူသားများ၏ကျန်းမာရေးနှင့် ပတ်သက်သည့်ရောဂါများဖြစ်ပွားတတ်ခြင်း၊ သီးနှံအထွက်နှုန်းကျဆင်းခြင်း၊ အဏ္ဍဝါဂေဟစနစ်ပျက်စီးခြင်းနှင့် ရုပ်ဝတ္ထုပစ္စည်းများ ယိုယွင်းပျက်စီးခြင်းများဖြစ်ပေါ်စေသည့် အတွက် ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်အပေါ် ဆိုးကျိုး သက်ရောက်မှုများဆိုးရွားပြင်းထန်လှပါ ကြောင်း၊ မြန်မာနိုင်ငံသည် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် အိုဇုန်းလွှာကာကွယ်ရေးလုပ်ငန်းများတွင် ကမ္ဘာ့နိုင်ငံများနှင့်အတူ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၄၅ ခုနှစ်တွင် HFC သုံးစွဲမှုကို ၈၀ ရာခိုင်နှုန်းလျှော့ချနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့လေထုလွှာအတွင်း အိုဇုန်းလွှာပျက် စီးစေသည့်ဓါတ်ငွေ့များ ကင်းဝေးစေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အားလုံးပူး ပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြော ကြားခြင်းဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများသည် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ ကမ္ဘာ့အိုဇုန်းလွှာနေ့အထိမ်းအမှတ်သဝဏ်လွှာနှင့် အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာ အားဖတ်ကြားသည့် Video Clip ကို ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန နှင့် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း တို့ပူးပေါင်း၍ Kahoot applicationနှင့် မိုဘိုင်းဖုန်း များ ဖအသုံးပြု၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်တရားသူကြီးတို့က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့တွင် ဆုရရှိကြသူများနှင့် အခမ်းအနားဖြစ်မြောက်ရေးကူညီပေးပါသော စက်ရုံ၊ လုပ်ငန်း၊ ဟိုတယ်နှင့် Limited တို့အား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား အသိပညာပေး Videoအား ကြည့်ရှုခဲ့ကြပြီး အမှတ်(၄)အခြေခံပညာအထက်တန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်သီချင်းအား သီဆို ကပြဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဘားအံ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီး စိန်ပန်းပြာလမ်းနှင့် စိန်ပန်းနီလမ်းထောင့်၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက် လျက်ရှိသော ကရင်ပြည်နယ် ဧည့်ရိပ်သာ (၁၅၀ ပေ x ၄၈ပေ) RC (၆)ထပ်အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးရာ လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ညိုနှင့် အဆောက်အဦ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးဦးမြင့်သူတို့က တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက် ကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်ဧည့်ရိပ်သာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရန်ပုံငွေ ရရှိမှုအပေါ် ၃၇ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန် ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)