ပုသိမ် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ယမန်နေ့နံနက်ပိုင်းက သူနာပြု-သားဖွားဒီပလိုမာပထမနှစ် (အငယ်တန်း) သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပြီး ပထမနှစ် (အငယ်တန်း) သင်တန်းသား၊ သင်တန်းသူ(၆၀)ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများအပ်နှင်းနိုင်ခဲ့ကြောင်းသိရပြီး အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယခုကဲ့သို့ ဂျူတီကုတ်နှင့် ဦးဆောင်းအပ် နှင်းသည့်အခမ်းအနား (Capping & Coating Ceremony )ကို မြန်မာနိုင်ငံသာမက နိုင်ငံတကာသူနာပြုတက္ကသိုလ်များတွင်လည်းကျင်းပသည့် အခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ သူနာပြုသင်တန်းကျောင်း(၃)ကျောင်းတွင် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးနေသည်ကိုတွေ့ရှိရပါကြောင်း၊ ပုသိမ်မြို့၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းမှ သင်တန်းဆင်းခဲ့ကြသော သူနာပြု ဆရာ/ဆရာမများသည် ယခုအချိန်တွင် နေရာဒေသ သီးသီး၌ တာဝန်ကျေပွန်စွာဖြင့် ပြည်သူ့အကျိုးကိုထမ်းဆောင်နေကြသကဲ့သို့ ထူးချွန်သော ဖလောရင့်နိုက်တင်ဂေးဆုရသူနာပြု ဆရာ(၁)ဦးကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် လူဦးရေများပြားပြီး မြစ်ချောင်းအင်းအိုင်များပေါများကာ သွားလာရေးခက်ခဲသည့် နေရာဒေသများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး သူနာပြုနှင့်သားဖွား တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား သင်တန်းသူများအား များစွာ အားထားပါကြောင်း၊ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ဆောင်ပုဒ်ဖြစ်သည့် “Our Nurses, Our Future” “အနာဂတ်အတွက် အားထားရာ သူနာပြုများပါ စွမ်းအားမြှင့်တင် စောင့်ရှောက်ပေး၊ ပြည်သူ့ကျန်းမာရေး" ဆိုသည့်ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး တာဝန်သိမှု ၊ တာဝန်ခံမှုအပြည့်ရှိသောသူနာပြုများ၊ အခြားသူများ၏ ခံစားမှု၊ အမြင်၊အခွင့်အရေး များကို ဦးစားပေးဖြည့်ဆည်းပေးတတ်ပြီး သူနာပြုစုမှုပညာရပ်များကိုအရင်းခံ၍ ပြည်သူလူထုအပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပါစေလို့ တိုက်တွန်းလိုပါကြောင်း၊ သင်တန်းပြီးဆုံးသည့် အခါမှာလည်း နေရာဒေသမရွေးကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုးသယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ” တိုက်တွန်းအမှာစကားများ ပြောကြားသည်။
ဆက်လက်၍ ပုသိမ်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအုပ်၊ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံ သူနာပြုအုပ် တို့က သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာ အဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား ဆုများချီး မြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)