ငဖဲ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးက ကမ္ဘာ့ဆရာများနေ့တွင် ဆရာအပေါင်းတို့အား ‘ဂါရဝေါစ၊ နိဝါတောစ၊ ကတညုတ၊ ကတဝေဒီ’’ ဟူသည့် မင်္ဂလာတရားတော်နှင့်အညီ ရိုသေထိုက်သူကိုရိုသေခြင်း၊ မိမိကိုယ်ကိုနှိမ့်ချခြင်း၊ သူ့ကျေးဇူးကိုသိတတ်ခြင်း၊ ကျေးဇူသိမှတ်တုံ့ဆပ်ခြင်းဖြင့် မြတ်ဆရာတို့၏ ဂုဏ်ကျေးဇူးကို ချီးကျူးဂုဏ်ပြုထုတ်ဖော်အပ်ကြောင်း၊ ဆရာများ၏ ဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့စေရန် ရည်ရွယ်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် “မွန်မြတ်လှပဆရာ့ဘဝ” ခေါင်းစဉ်ဖြင့် အထက်တန်းဆင့်စာစီစာကုံးဖြေဆိုသူ (၄)ဦး နှင့် အလယ်တန်းဆင့်ဖြေဆိုသူ (၇)ဦး၊ “လမ်းပြကြယ်ပမာမြတ်ဆရာ” ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် ကဗျာဖြေဆိုသူ (၃)ဦး၊ အလယ်တန်းဆင့် ကဗျာဖြေဆိုသူ (၁၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မယု(ငဖဲ)