ချောင်းဦးမြို့၌ ဆောင်းနေကြာပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် နေကြာမျိုးကောင်း မျိုးသန့်မျိုးစေ့များပေးအပ်ပွဲ ကျင်းပ

ချောင်းဦး စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်းနေကြာစိုက်တောင်သူများအား ဖိတ်ကြား၍ ဆောင်းနေကြာ ပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး နေကြာမျိုးကောင်း မျိုးသန့် မျိုးစေ့များ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်မှ အဖွင့်အမှာစကားပြောကြားပြီး လယ်ယာမြေစီမံခန့်ခွဲရေးစာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်အောင်မှ လယ်ယာမြေနှင့်ပတ်သက်ပြီး သိကောင်းစရာများဆွေးနွေးခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ ဆောင်းနေကြာ ရာထားစိုက်ဧက ပြည့်မီကျော်လွန်ရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန်၊ စားသုံးဆီ ဒေသတွင်း ဖူလုံပြီး အခြားဒေသများသို့ပါ တင်ပို့နိုင်စေရန်၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးပြီး အထွက်တိုးစေရန်၊ တောင်သူများ အထွက်နှုန်းတိုးပြီး တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်လာစေရန်၊ စားရေရိက္ခာ ဖူလုံစေရန် စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နည်းပညာပေးသင်တန်းသို့ တက်ရောက်လာသည့် ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူ ၁၀၅ ဦးအား တာဝန်ရှိသူများမှ ရေဆင်းစပ်မျိုး ၁ နှင့် ဆင်းရွှေကြာ ၂ နေကြာမျိုးစေ့အိတ်များ ဖြန့်ဖြူးပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ လယ်ယာမြေစီမံခန့်ခွဲရေးစာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ ကျေးရွာအုပ်စု ၅ အုပ်စုမှ သင်တန်းသား ၁၀၈ ဦး တက်ရောက်ခဲ့သည်။ ချောင်းဦးမြို့နယ်အနေဖြင့် ကျေးရွာ ၂၅ အုပ်စုတွင် ဆောင်းနေကြာ စိုက်ပျိုးရန် ၂၈၇၅ ဧက ရာထားကြောင်း၊ သီးထပ်အဖြစ် သီးသန့်စိုက်ပျိုးသူများရှိသလို ကုလားပဲနှင့် ဂျုံစိုက်ခင်းများအတွင်း သီးညှပ်အဖြစ် စိုက်ပျိုးကြကြောင်း၊ ရာထားချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနည်းပညာပေးသင်တန်းတွင် မြို့နယ်ဦးစီးမှူးမှ ဆောင်းနေကြာ ပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာ၊ EM ဖျော်ရည်၏ အကျိုးကျေးဇူး၊ အသုံးပြုပုံ၊ တောင်သူတွေ ကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်သည့် သဘာဝပိုးတားဆေး၊ အပင်အားဆေးပြုလုပ်နည်းများ ပို့ချခဲ့ကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာခိုင်မှ မြေသြဇာကို အကျိုးရှိရှိ သုံးစွဲနည်း ပို့ချခဲ့ကြောင်း၊ နေကြာမျိုးကောင်း မျိုးသန့်ဖြစ်သည့် ရေဆင်းစပ်မျိုး၁နှင့် ဆင်းရွှေကြာ၂ နေကြာမျိုးစေ့အိတ်များ တောင်သူများ လက်ဝယ်သို့ ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရှိရပါသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)