ကောလင်း စက်တင်ဘာ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ဗလငါးတန်ဖွံဖြိုးရေးလူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကောလင်းခရိုင်၊ ကောလင်းမြို့နယ်ရှိ မြောက်အင်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးထိန်လင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရက အမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အတတ်ပညာ၊ အသိပညာကြွယ်ဝပြီး အတွေးအခေါ် အလုပ်အကိုင် မှန်ကန်ကြရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့ဘဝ အဆင်ပြေနိုင်ပြီး မိသားစု၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံကို ကျောင်းကျိုးပြုနိုင်ကြမည်ဖြစ်ကြောင်း၊ ပညာရှာသင့်သည့်အရွယ်တွင် ပညာကို စူးစိုက်ရှာဖွေ လေ့လာသင်ယူကြရန်လိုကြောင်း၊ အခြေခံအားဖြင့် စာတတ်ရန်၊ အတန်းပညာတတ်မြောက်ရန် လိုအပ်ပြီး ၎င်းကမှ တစ်ဆင့် အသိပညာဗဟုသုတပြည့်စုံအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း ငယ်စဉ်ကပင် အကျင့်စာရိတ္တကောင်းမွန်အောင် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ၏ ရည်မှန်းချက်အတိုင်း စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ပညာတတ်လူငယ်များဖြစ်ရန် ကြိုးစားကြစေလိုကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဟုဆိုရာတွင် ပညာတတ်မြောက်ရုံဖြင့် မလုံလောက်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးကို မြှင့်တင် ဖော်ဆောင်ပေးလျက် ရှိကြောင်း၊ ဘက်စုံပညာရေး၏ အဓိပ္ပာယ်မှာ ကျယ်ပြန့်ကြောင်း၊ စဉ်းစားတွေးခေါ် သုံးသပ်မှု၊ တီထွင်ဖန်တီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လူမှုဆက်ဆံရေး၊ ဦးဆောင်တတ်မှု၊ လောကနီတိဆိုင်ရာအပြုအမူ၊ ကျန်းမာကြံ့ခိုင်မှု စသည်တို့လည်းပါဝင်ကြောင်း၊ ပင်ကိုယ်အရည်အသွေးများ မြှင့်တင်ပေးကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်က ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးလျက်ရှိရာ ဆရာ၊ မိဘ၊ အုပ်ထိန်းသူများ၏ သွန်သင်ဆုံးမမှုများမြင့် နိုင်ငံတော်က အားထားရမည့် ပညာပြည့်ဝနှလုံးလှပြီး ဗလငါးတန်နှင့်ပြည့်စုံသော သားကောင်းရတနာများ ဖြစ်ကြရန် လေ့လာသင်ယူကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လူငယ်နှင့်မူးယစ်ဆေး၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ လူငယ်နှင့်ကျန်းမာရေး၊ မြို့နယ်လူငယ်ရေးရာဦးစီးဌာနမှ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေးဟောပြောသည်။
ထို့နောက် ကောလင်းခရိုင်ဒေသထွက်ကုန်ပစ္စည်းများ၊ လက်မှု့ပညာပစ္စည်းများ၊ အားကစားပစ္စည်းများ၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် အသိပညာပေးစာအုပ်စာစောင်များ ဖတ်ရှုနိုင်ရန် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ခွက်နင်း လမ်းလျှောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း စသည့်ပျော်ရွှင်ဖွယ် Game များ ကစား၍ အနိုင်ရရှိသူများအား ဗလာစာအုပ်၊ ဘောလ်ပင်၊ ကဗျာစာအုပ်များနှင့် မုန့်ပဲသရေစာများ အသီးသီးချီးမြှင့်ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)