ရွှေတောင် စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် လူမှုဝန် ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်စေရန် နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်ချက်ဖြင့် ကျင်းပသောလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက အ.မကဖားအိုင့်ကျောင်းနှင့် အ.မ.က ဝါးတောကျောင်းတို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးညွန့်ဝင်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဆွေတို့က အဖွင့်အမှာစကားပြောကြားကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးက စားသုံးသူ၏ အဓိပ္ပာယ်၊ အခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူ နှင့်ပတ်သက်သော ကုန်ညွှန်းအမှတ်အသား (၈) ချက်ကိုလည်းကောင်း ဟောပြောခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို ဟောပြောခဲ့သည်။ ဆက်လက် ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်နှင့်အနာဂတ်၊ လူကုန်ကူးမှု၏အဓိပ္ပာယ်၊ ၂၀၂၃-ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်များ၊ လူကုန်ကူးမှုတားဆီးရေး အသိပညာပေးအကြောင်းအရာများနှင့် ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး အကြောင်းအရာများကို ရှင်းလင်း ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ် စာစောင်များဖတ်စေခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ် စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ပြသရာကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)