ကယားပြည်နယ် ၂၀၂၃ ခုနှစ် ၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

လွိုင်ကော်      စက်တင်ဘာ   ၁၆

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ဆရာ၊ဆရာမများနှင့်ဆုရ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးက အဖွင့်အမှာစကားပြောကြားရာတွင်  ယနေ့အခမ်းအနားကို ပြည်နယ်အတွင်း နေထိုင်ကြသည့် ဒေသနေပြည်သူများ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာများ ရရှိစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ "ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး "(Montreal Protocol: Fixing the Ozone Layer and Reducing Climate Change) ဖြစ် ကြောင်း၊ အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးအတွက် ရိုးရှင်းထိရောက်သော နည်းလမ်းများကို လိုက်နာကျင့်သုံး ကြရမည်ဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များအား ကောင်းမွန်သည့်သဘာဝပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရန် အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းလုပ်ငန်းစဉ်များတွင် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ သုတေသနပညာရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံ ပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယိုနှင့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုတို့ကိုပြသပြီး စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆိုင်ရာ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲဝင်ဆုရ စာစီစာကုံးများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ကိုဇင်(လွိုင်ကော်)