မြောင်းမြ စက်တင်ဘာ ၁၆
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေးအတွက် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သောအမျိုးသမီးများတွင် ဒုတိယမြောက် အဖြစ်အများဆုံးဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါအားလုံးအနက် ၇၀ ရာခိုင်နှုန်းသည် HPV ပိုးအမျိုးအစား ၁၆ နှင့် ၁၈ ကူးစက်ခံရခြင်းဖြစ်ပြီး လေးမျိုးစပ် HPV ကာကွယ်ဆေးသည် အဆိုပါ ပိုးအမျိုးအစား ၂ မျိုး ကူးစက်ခံရခြင်းမှ ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့် (၁) ဒေါ်လှရီက သားအိမ်ခေါင်း ကင်ဆာရောဂါနှင့် ကူးစက်ဖြစ်ပွားပုံများ၊ ကာကွယ်ဆေး (HPV) ထိုးနှံပုံ အကြောင်းများကို အသိပေးဆွေးနွေးရှင်းလင်းပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(မြောင်းမြ)