ဟင်္သာတ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း Book Club၊ Yoth Club အဖွဲ့များနှင့်ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို၏ "လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀နာရီက ဟင်္သာတခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှူး လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်စန္ဒာဆွေက စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အစုအဖွဲ့များတွင် ပါဝင်ဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရေး ရည်ရွယ်၍ ယခုလို စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဟင်္သာတမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး ဒေါက်တာ နွဲ့နွဲ့ရီက " လူငယ်နှင့်အကောင်းဆုံး ဘဝကိုတည်ဆောက်ခြင်း" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးရဲညွန့်က " စကားဦး" ခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ပြီးနောက် Youth Club အဖွဲ့မှ မဆုလတ်မွန်က "မုန်လာဥဝါ၊ ကြက်ဥနဲ့ကော်ဖီနဲ့ဘဝအမြင်" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ငြိမ်းချမ်းသာက "လူမျိုးမြင့်ဖို့စာဖတ်စို့ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်မြတ်ကိုကိုက "စွန်လိုက်တဲ့ပွဲ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မနှင်းပွင့်ဖြူက "လူငယ်နှင့်မေတ္တာတရားခေါင်းစဥ်ဖြင့်လည်းကောင်း၊ မနှင်းယွန်းဝေက "လူငယ်နှင့်စူးစမ်းလေ့လာခြင်း” ခေါင်းစဥ်ဖြင့် လည်းကောင်း၊ မမေသဇင်က "လူငယ်နှင့်ယုံကြည်စိတ်ချမှု ခေါင်းစဥ်များဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ စာရေးဆရာအဖွဲ့မှလူငယ်တွေမှာ အတန်းပညာထက် ကျောင်းပြင်ပ ပညာရပ်တွေကို လေ့လာရန်လိုအပ်ကြောင်း လူပတ်ဝန်းကျင်ရှိ အသိပညာအတတ်ပညာနှင့် တွေးခေါ်နိုင်တဲ့ စွမ်းရည်ဖြစ်တဲ့ ပညာရပ်တွေကို လေ့လာဖို့လိုအပ်ကြောင်း၊ လူဘဝမှာ နေရာအချိန်အခါကိုလိုက်ပြီး တွေးခေါ်မြှော်မြင်တတ်ဖို့ စာဖတ်သည့်နေရာမှာလည်း အနှစ်သာရရှိသည့် စာကောင်းပေကောင်းတွေကို ရွေးချယ်စိစစ်ပြီး ဖတ်ရှုဖို့လိုအပ်ကြောင်း ဆွေးနွေးပါသည်။
ထို့နောက် တက်ရောက်လာကြသော စာဖတ်ပရိတ်သတ်များ၊ စာပေဝါသနာရှင်များက အဆိုပါ စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို ရှုထောင့်အမျိုးမျိုး အမြင်အမျိုးမျိုးတို့ဖြင့်အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)