ဟင်္သာတ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့၊ နတ်မော်အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း တက်ရောက်နိုင်ရေး အတတ်ပညာအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက အဆိုပါကျောင်း အစည်းဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းနှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှတာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဟင်္သာတအစိုးရနည်းပညာအထက်တန်းကျောင်းကျောင်းအုပ်ကြီး၊ အထက(နတ်မော်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။ ဟောပြောပွဲတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်ရန် နိုင်ငံတော်မှမူဝါဒချမှတ်၍ ရေရှည်လုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ခရိုင်ရုံးစိုက်ရာ ခရိုင်မြို့များရှိ အထက်တန်းကျောင်းများတွင် ဖွင့်လှစ်ရန် သတ်မှတ်ပေးခဲ့ပါကြောင်း၊ မိမိတို့ဟင်္သာတမြို့တွင်လည်း မြေနေရာစုဖွဲ့မှုလည်းရရှိပြီးဖြစ်၍ လာမည့်ပညာသင်နှစ်တွင် စတင်၍ စာသင်ကြားနိုင်ရေးအတွက် ကျောင်းအဆောက်အဦကို ပြီးမြောက်အောင် ဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန် အလယ်တန်းအဆင့်အောင်ကျောင်းသား/သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း၊ လာမည်ပညာသင်နှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် စက်မှုပညာတွင် ကျောင်းသား/သူ (၉၀) ဦး၊ စိုက်ပျိုးရေးပညာတွင် ကျောင်းသား/သူ (၃၀) ဦး၊ မွေးမြူရေးပညာတွင် ကျောင်းသား/သူ (၃၀) ဦး၊ စုစုပေါင်း (၁၅၀) ဦး ပညာသင်ကြားပေးမည် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းပညာ တွဲဖက်သင်ကြားမည့် အထက(နတ်မော်)တွင် ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးပြောကြားခြင်း၊ ဟင်္သာတအစိုးရနည်းပညာအထက်တန်းကျောင်းကျောင်းအုပ်ကြီးမှ စက်မှုနည်းပညာဘာသာရပ်များနှင့် ပတ်သက်၍ PowerPoint ဖြင့် ရှင်းလင်းပြောကြားခြင်း၊ ဒုတိယခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ကြပြီးနောက် အခမ်းအနားသို့တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်( ဟင်္သာတ)