ပေါင်းတည်၌ စနစ်တကျ ငှက်ပျောဥယျာဉ်ခြံစိုက်ပျိုးသူများ ဝင်ငွေကောင်းလျက်ရှိ

ပေါင်းတည် စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘိုကုန်းကျေးရွာ၌ စနစ်တကျ ငှက်ပျောစိုက်ပျိုးသူများသည် စျေးကောင်းရရှိမှုကြောင့် မိသားစုဝင်ငွေကောင်းလျက်ရှိသည်။

၂ဧကကျော်စိုက်ထားပါတယ်၊ လူကြိုက်များပြီး စျေးကွက်ရှိတဲ့ဖီးကြမ်းမျိုးကိုအဓိက စိုက်ပါတယ်။ ဒီငှက်ပျောကစိုက်ပြီး ၈ လ၊ ၁၀ လ အတွင်း ငှက်ပျောခိုင်ထွက်တယ်၊ အခိုင်ထွက်ပြီးတာနဲ့ ၃ လ၊ ၄ လ ကြာရင် အခိုင်ခုတ်ယူနိုင်ပါတယ်။ ရောင်းအားကောင်းတဲ့မျိုးကို စိုက်မှ ငွေပေါ်မှာပါဟု ခြံရှင် ဦးသိန်းထွန်းက ပြောပြသည်။

ဘာငှက်ပျောစိုက်စိုက် စိုက်ပုံ စိုက်နည်းကတော့ မြေသားထူထူ၊ ရေမဝပ်စေရဘူး၊ နှုန်းမြေကို ပိုကြိုက်တယ်။ ငှက်ပျောပင်က မြေကောင်းကြိုက်ပါတယ်၊ မြေငန်မကြိုက်ဘူး၊ မျိုးကောင်းတဲ့ သားတက်ကို စိုက်ရင်  လှံစို့နဲ့ ရေစို့သားတက်ဆိုပြီး နှစ်မျိုးရှိတယ်။ အခိုင်ကျတာကျ‌တော့ လှံစို့က ၁၁လ နဲ့ကျတယ်။ ရေစို့က ကြာတယ်။ မစိုက်ခင် သားတက်‌တွေကို အမြစ်ဟောင်းတွေနဲ့ အသားပိုတွေကို ကတုံး တုံးပေးရတယ်။ စိုက်မယ့်နေရာမှာ မြေအောင်းပိုးသတ်ဆေး ထည့်စိုက်ရ ပါတယ်ဟုလည်း ဆက်လက်ရှင်းပြသည်။

စိုက်ပျိုးရာတွင် မိုးရာသီစိုက်နိုင်ပြီး၊ ၂ ပေ ပတ်လည်ကျင်းထဲကို မြေဆွေး၊ နောက်ချေး၊ တီစူပါ၊ ထုံးကျောက်မှုန့် နို့ဆီတစ်ဘူးလောက် မစိုက်မီ ကျင်းထဲထည့်ထားရကြောင်း၊  စိုက်ပြီး  ၃လအတွင်း ပုလဲဓာတ်မြေသြဇာကို ၁၅ ရက်ခြားထည့်ပေးရပြီး စက်ဖွဲပြာများလည်း ပုံပေးရကြောင်း၊ ပင်ခြား၁၂ ပေခွါလျှင် တစ်ဧကတွင်ပျိုးပင် ၃၀၀ခန့် စိုက်နိုင်ကြောင်း၊ မြေသြဇာအပြည့်အဝရရှိစေရန် ပေါင်းမြက်များနှုတ်ပယ်ပစ်ရကြောင်း ၊ ငှက်ပျောပင်သားတက် ထပ်ထွက်လာလျှင် ၂ တက်ပဲချန်ပြီး ကျန်တာခုတ်ပစ်ကြောင်း၊ တောမဝင်အောင်ငှက်ပျော တစ်ခင်းလျှင် ၃ နှစ်သာထားပြီးအသစ်ပြန်လည် စိုက်ပျိုးကြောင်းသိရသည်။ ယခုအချိန်၌ ဖီကြမ်းငှက်ပျောစိမ်းတစ်ခိုင်လျှင် ၇၀၀၀ ကျပ် ဝန်းကျင်စျေးရ‌နေပြီး အထွက်ကောင်းသော ခြံရှင်တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်းသိရသည်။

သူရကြီး (ပြန်/ဆက် )