မုံရွာ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ပုညရှင်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေးအတွက် ဆဌမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး အရှေ့ဘက်အာရုံခံ တန်ဆောင်း လက်ပွားဘုရားဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စစ်ကိုင်းတောင်ရိုး နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂ မဟာပဏ္ဍိတ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများထံ အလှူရှင်များက ပုညရှင်သာသနာ့ ဗိမာန်တည်ဆောက်နိုင်ရေးအတွက် အလှူငွေများအသီးသီးပေးအပ် လှူဒါန်းကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဒေါ်ညိုညိုဆွေနှင့် တာဝန်ရှိသူများက ပုညရှင်သာသနာ့ဗိမာန်တည် ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းလျှောက်ထားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက် ရေးလုပ်ငန်းနှင့် ပတ်သက်၍ ဖြည့်စွက်လျှောက်ထားသည်။
ဆက်လက်၍ စစ်ကိုင်းတောင်ရိုး နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရ ဆရာတော် ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာတရားနာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အနောက် ဘက်တွင် အလျား - ၁၄၉ ပေ၊ အနံ - ၆၃ ပေ၊ အမြင့် - ၅၄ ပေ တိုးချဲ့တည်ဆောက် ပြီး၎င်းအပေါ်၌ အလျား ၁၂၆ ပေ၊ အနံ ၅၄ ပေ၊ အမြင့် ၁၈ ပေရှိ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နေမှု အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ပုညရှင်သာ သနာ့ဗိမာန်တည်ဆောက်နိုင်ရေးအတွက် ဆဋ္ဌမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနား တွင် အလှူရှင်များမှ စုစုပေါင်းလှူဒါန်းငွေကျပ် - ၅၅၁၇၄၈၆၅၀ (ငါးထောင်ငါးရာတစ်ဆယ် ခုနှစ်သိန်း လေးသောင်းရှစ်ထောင်ခြောက်ရာငါးဆယ်)ကျပ်အား လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာ၊ ချည်မျှင်ရှည်ဝါသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းပြပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေ များအားလုံးတွင် စပါးကိုအဓိကထားပြီး ဆီထွက်သီးနှံအပါအဝင် အခြားသီးနှံများ ကို သတ်မှတ်စိုက်ဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး၊ နွေစပါးတစ်ဧက တင်းတစ်ရာကျော်ထွက်ရှိရေးနှင့် အခြားစိုက်ပျိုးသီးနှံများလည်း
ပန်းတိုင်အထွက်နှုန်းရရှိရေး အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုမိမိနှင့်တာဝန်ရှိသူများ လာရောက်မှုမှာ ဒေသခံတောင်သူများ စိုက်ပျိုးလျက်ရှိသည့် ချည်မျှင်ရှည်ဝါ အထွက်နှုန်းကို တစ်ဧကလျှင် ပန်းတိုင်အထွက် ပိသာ ၇၀၀ ထွက်ရှိရေးအတွက် နည်းပညာပေးကွင်းသရုပ်ပြရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ စိုက်ပျိုးတောင်သူများအားလိုအပ်သည့် သွင်းအားစုများထည့် သွင်းနိုင်ရေးပံ့ပိုးခြင်းနှင့် နည်းပညာပေးခြင်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများကို ရာသီအချိန်မှီအချိန်ကိုက် သတ်မှတ်ချက်များနှင့်အညီ လျာထားချက်ပြည့်မှီအောင် စိုက်ပျိုးခြင်းဖြင့် သီးနှံများအထွက်တိုးကာ တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကို အားပေးကူညီလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး/ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ချည်မျှင်ရှည်ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းပြပွဲ အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများနှင့်အတူ တောင်သူ ဒေါ်နှင်းဦး၏ ရွှေတောင်-၁၀၊ ချည်မျှင်ရှည် ၃ ဧက စိုက်ခင်းအတွင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရွေ့လျားဆိုလာရေဖျန်းစက်ဖြင့် စိုက်ခင်းအတွင်းရေဖျန်း ပတ်နေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး စားဖိုဆောင်သီးနှံ မိုးငရုပ်စိုက်ခင်း သာမို-၁၁၊ ၃ ဧကအတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်နေမှုတို့အား ကြည့်ရှုအားပေးကာ ဒေသခံတောင်သူ များအား ရင်းရင်းနှီးနှီးနှုတ် ဆက်အားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ Taw Win Myanmar Sanyu Co.,ltd အဆင့်မြင့်ဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံနှင့်တာဝန်ရှိသူများက ဝက်များမွေးမြူထားရှိမှု အခြေအနေများနှင့် မွေးမြူရေးရုံ ၁၂ ရုံ၊ တစ်ရုံလျှင် ဝက်ကောင် ရေ ၆၀၀၊ စုစုပေါင်းကောင်ရေ ၇၂၀၀ အား Evaporated စနစ်ဖြင့် မွေးမြူထားရှိမှုအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ခြံအတွင်းမွေးမြူထားသော CP အမျိုးစား ဝက်များမွေးမြူထားရှိမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
တိုင်ဒေသကြီး(ပြန်/ဆက်)