လွိုင်ကော် စက်တင်ဘာ ၁၆
ကယားပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး ကျင်းပပြုလုပ်သည့် အမျိုးသမီးများအခွင့်အရေးဆိုင်ရာ ဥပဒေများ ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နွယ်နီဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေးများနှင့် အကာအကွယ်ပေးထားသည့် ဥပဒေများအပေါ် မျိုးဆက်သစ်လူငယ် အမျိုးသမီးများ သိရှိနားလည်စေရန်နှင့် မိမိကိုယ်မိမိယုံကြည်ချက် ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့အခမ်းအနားအား ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း အမျိုးသမီးများအနေဖြင့် သက်ဆိုင်ကဏ္ဍအလိုက် ပါဝင်ထမ်းဆောင်နေသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများသည် အမျိုးသားများနည်းတူ အလုပ်အကိုင်များရရှိလာ သောကြောင့် ဆင်းရဲမှုကိုလျှော့ချလာနိုင်ခြင်း၊ အသိအမြင်များ တိုးပွားလာခြင်း၊ လူကုန်ကူးခံရ မှုများ တားဆီးကာကွယ်နိုင်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်နိုင်ခြင်း စသည့် အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ် လူငယ် အမျိုးသမီးများ အနေဖြင့်လည်း အမျိုးသားရေးလှုပ်ရှားမှုများ၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဘောက်နန်က အမျိုးသမီးရေးရာ အဖွဲ့ချုပ်အကြောင်းအားလည်းကောင်း၊ ကယားပြည်နယ်ဥပဒေအရာရှိ ဦးသိန်းထွန်းက အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေများအကြောင်းအားလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နွယ်နီဝင်းက သူနာပြုနှင့် သားဖွားသင်တန်းကျောင်းရှိသင်တန်းသား၊ သင်တန်းသူများအတွက် အခြေခံ စားသောက်ကုန်များ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီး ကလက်ခံရယူခဲ့သည်။
ယင်းနောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက အဖွဲ့ဝင် အဆိုပြုလွှာအား ပေးအပ်ခဲ့ရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးက လက်ခံရယူခဲ့ပြီး သူနာပြု နှင့်သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။
၎င်းနောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများက သူနာပြုနှင့် ားဖွားသင်တန်းကျောင်းရှိ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)