ကလိန်အောင် စက်တင်ဘာလ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များခင်းကျင်းပြသခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က လူကုန်ကူးမှုဖြစ်ပေါ်လာသည့် အကြောင်းအရာများနှင့် လူသားအချင်းချင်း ရောင်းကုန်အဖြစ်ပြုမူကာ လူမှောင်ခိုကူးသည့်ပြဿနာများ ယနေ့ကမ္ဘာနှင့်အဝှမ်း ကြီးမားသည့်ပြဿနာတစ်ရပ်အဖြစ် နိုင်ငံတိုင်းတွင် ရင်ဆိုင်ကြုံတွေ့နေကြရသဖြင့် မျိုးဆက်သစ်လူငယ်လူရွယ်များ ၊ ကျောင်းသား/ သူကလေးငယ်များ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဖြစ်စဉ်များအကြောင်းသိကောင်းစရာများ ၊ နယ်စပ်ဒေသဖြစ်၍ လူကုန်ကူးသူများအန္တရာယ်မှ ကင်းဝေးနိုင်ရေး ကျောင်းသားကျောင်းသူအရွယ်များ လိုက်နာဆောင်ရွက်ရမည့် ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများအားလည်းကောင်း၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ သိကောင်းစရာများအား အသီးသီးအသိပညာပေးဟောပြောပြီး လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဆိုင်ရာ သိမှတ်စရာဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုပြီး စာအုပ်စာပေများလည်း ငှားရမ်းဖတ်ရှုခဲ့ကြကြောင်းသိရှိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)