မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ  ဗလငါးတန်ပြည့်စုံစေရေး လူငယ်စကားဝိုင်း ကျင်းပ

မြဝတီ စက်တင်ဘာ   ၁၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို  ယမန်နေ့နံနက် ၁၁ နာရီက မြဝတီမြို့၊  အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်   အမှတ်(၃)အခြေခံပညာ  အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး  ဦးညီညီအောင်က အဖွင့်အမှာစကား ပြောကြားပေးပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်၊ လူရွယ်များသည်  နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတည်ဆောက်ရာတွင် အဓိကစွမ်းအားစုဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ခေတ်လူငယ် များသည် ကာယ၊ဉာဏ စာရိတ္တ၊ မိတ္တ၊  ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်   လိုအပ်ပါ ကြောင်းနှင့် လူငယ်စကားဝိုင်းများ   ကျင်းပပေးခြင်းသည် အချင်းချင်း အတွေးအခေါ်ဖလှယ်တတ်စေရန်နှင့်  လူအများရှေ့၌   ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်  ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း  ရှင်းလင်းပေးသည်။

စတင်ခဲ့ရာဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းကဦးဆောင်ဆွေးနွေးသူအဖြစ်  ဆောင်ရွက်ပေးပြီး   Grade-11 မှ  မသော်တာငြိမ်းက   လူငယ်နှင့်စာပေ၊   မသင်းအိဇာထွေးက လူငယ်နှင့် ကျန်းမာရေး၊ မောင်အောင်သူရက လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မောင်စစ်သွေးကလူငယ်နှင့် အားကစား၊ မောင်ကျော်ရဲထွဋ်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးပေးကြပြီးတက်ရောက်လာသည့်ကျောင်းသား၊ကျောင်းသူများက ကဏ္ဍအလိုက် သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြသပေးသည့် ဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များနှင့်  သုတ/ရသစာအုပ်များကို   ကျောင်းသား၊ကျောင်းသူများက စိတ်ပါ ဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)