မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

မကွေး စက်တင်ဘာ ၁၆

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် တို့ကမ္ဘာမြေ သီချင်းအား ကျောင်းသား၊ ကျောင်းသူလေးများက တယောတီးခတ်ကာ ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အိုဇုန်းလွှာသည် ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၂၀ မှ ၃၀ ကြားတွင် တည်ရှိနေသော စထရက်တိုစပီးယားအလွှာတွင် ရှိနေကာ နေရောင်ခြည်နှင့် အတူပါလာသည့် ကြီးမားသော အန္တရာယ်ဖြစ်စေနိုင်သည့် ခရမ်းလွန်ရောင်ခြည်လှိုင်းများ ကမ္ဘာမြေပြင်ပေါ်သို့ မကျရောက်နိုင်စေရန် စုပ်ယူပေးသည့်အတွက် သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်သော သဘာဝအကာအရံတစ်ခုဖြစ်ပါကြောင်း၊ လူသားများ၏ ပင်ကိုယ်ဗီဇနှင့် သဘာဝအရ မိမိတို့၏ နေထိုင်မှုဘဝ အဆင့်အတန်းတိုးတက်မြင့်မားလာပြီး နေ့စဉ်အသုံးပြုနေသော ရေခဲသေတ္တာ၊ လေအေးပေးစက်များသည် မရှိမဖြစ် အသုံးအဆောင်တစ်ခုဖြစ်လာပြီး၊ ထိုပစ္စည်းများသည် တစ်ဖက်တွင် သက်တောင့်သက်သာ နေထိုင်နိုင်ရန် များစွာ အထောက်အပံ့ဖြစ်စေသကဲ့သို့ တစ်ဖက်တွင်လည်း ထိုပစ္စည်းတွေမှာ အသုံးပြုခဲ့သော ကလိုရိုဖလူရို ကာဗွန်၊ ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် စသော ဓာတုဒြပ်ပစ္စည်းများကြောင့် အိုဇုန်းလွှာပါးလွှာပျက်စီးမှု ဖြစ်ပေါ်နေကြောင်းကို သိပ္ပံပညာရှင်များက ၁၉၇၀ အလွန်ကာလတွင် လေ့လာတွေ့ရှိခဲ့ရာကစပြီး အိုဇုန်းလွှာပျက်စီးမှုသည် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေထဲမှ အဓိက ပြဿနာတစ်ရပ် ဖြစ်လာခဲ့ပါကြောင်း၊ အိုဇုန်းလွှာသည် နေရောင်ခြည်နှင့်အတူပါလာသော အင်မတန် စွမ်းအင်မြင့်မားပြီး လူသားများအား အရေပြားကင်ဆာရောဂါနှင့် မျက်စိတိမ်စွဲမှု၊ ခုခံအား ကျဆင်းမှုတွေ ဖြစ်ပေါ်စေနိုင်သည့်အပြင် သီးနှံအထွက်နှုန်းကျဆင်းမှု၊ အဏ္ဏဝါဂေဟစနစ် ပျက်စီးမှုများနှင့် ရုပ်ဝတ္ထုပစ္စည်း ယိုယွင်းပျက်စီးမှုတွေ စသော ကြီးမားသောအန္တရာယ်ဖြစ်စေနိုင်သော ခရမ်းလွန်ရောင်ခြည် UV-B နဲ့ UV-Cကို ကမ္ဘာမြေပေါ်မကျရောက်အောင် ထီးသဖွယ် ကာကွယ်ပေးထားခြင်းဖြစ်၍ သက်ရှိလောကအတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝ အကာအရံတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် အိုဇုန်းလွှာပျက်စီးယိုယွင်းမှုကို ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းပြီး ထိန်းသိမ်းကာကွယ်နိုင်ရန် ၁၉၈၅ ခုနှစ်မှာ ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကိုချုပ်ဆိုခဲ့ပြီး ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် “အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်”ကို ကနေဒါနိုင်ငံ၊  မွန်ထရီရယ်မြို့တွင် ချုပ်ဆိုခဲ့ပါကြောင်း၊ ထိုစာချုပ်သည် မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံး ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်နေသော ပထမဆုံးသော ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ "Montreal Protocol: fixing the ozone layer and reducing climate change” “ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ပေး” ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်တွေမှာ ဟိုက်ဒရိုဖလူရိုကာဗွန် သုံးစွဲမှုကို အခြေခံအချက်အလက်အဖြစ် တင်သွင်းရမှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ပြီး ၂၀၂၄ ခုနှစ်တွင် ဟိုက်ဒရိုဖလူရိုကာဗွန် သုံးစွဲမှုကို စတင်ထိန်းချုပ်ကန့်သတ်ကာ ၂၀၂၉ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်း၊ ၂၀၃၅ ခုနှစ်မှာ ၃၀ ရာခိုင်နှုန်း၊ ၂၀၄၀ ပြည့်နှစ်မှာ ၅၀ ရာခိုင်နှုန်း၊ ၂၀၄၅ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်း အထိလျှော့ချသွားရမှာဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုနှင့် အိုဇုန်းလွှာပျက်စီးယိုယွင်းလာမှုဖြင့် ဆက်စပ်မှုရှိနေသည့်အတွက် အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်းသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကိုပါ လျှော့ချနိုင်မှာဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကနေတစ်ဆင့် လူသားတွေ၏ ကမ္ဘာပေါ်ရှိ သက်ရှိတွေကို ကောင်းမွန်သော အိုဇုန်း လွှာဖြင့် ဆက်လက်ပြီး အကာအကွယ်ပေးသွားနိုင်ရန် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းလုပ်ငန်းစဉ်များတွင် ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အအေးပေးနည်းပညာဖြင့် ဆက်စပ်လုပ်ကိုင်နေကြသော အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ယနေ့လူငယ် နောင်ဝယ် လူကြီးဖြစ်လာကြမည့် ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများက အပြုသဘောဆောင်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterrus ၏ Video Message အား ပြသခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူ တယောအဖွဲ့မှ UNEP မှ လွှင့်တင်သော Ozone သီချင်းဖြင့် သီဆိုဖျော်ဖြေကာ၊ UNEP ၏ အမှုဆောင်အရာရှိ Ms.Inger Andersen ၏ Video Message အား ပြသခြင်းနှင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုကလစ်အား ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများ၊ ပညာရေးဒီဂရီကောလိပ်အဆင့် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများနှင့် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲဝင်ဝန်ကြီးများက ဆုများအား အသီးသီး ချီးမြှင့်ပေးအပ်ကာ၊ တို့ကမ္ဘာမြေသီချင်းနှင့် Ozone သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသော တယောအဖွဲ့အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် တာဝန်ရှိသူများသည် ဆုရရှိသူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပြီး၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးပြခန်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများ၏ ဆောင်းပါးနှင့် စာစီစာကုံးများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ