ကန့်ဘလူ အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာအုပ်စု အိုင်ပေါင်း ချောင်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း SMU ကျေးရွာတွင်းလမ်း မြေနီဂျင်း ကျောက်ချောခင်းနေမှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာတွင်းလမ်းသည် အရှည် ၂၁၀၀ ပေ၊ အကျယ် ၁၂ ပေကို မြေနီဂျင်း ကျောက်ချောလမ်းခင်းခြင်းကို စီမံကိန်းရန်ပုံငွေ ကျပ် သိန်း ၁၅၀၊ ကျေးရွာပြည်သူများ လှူဒါန်းငွေကျပ် ၄၃ သိန်း စုစုပေါင်း ငွေကျပ် ၁၉၃ သိန်းဖြင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေးမွေးမြူရေး အသိပညာပေးသင်တန်းများ၊ ကျန်းမာရေး အသိပညာပေး သင်တန်းများ၊ အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ သဘာဝမြေဩဇာ ပြုလုပ် သုံစွဲနည်းများ၊ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်းများ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရသည်။
ယင်းကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် သိန်း ၃၀၀ ထောက်ပံ့မှုဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ဝင်ငွေတိုးတက်ရေးနှင့် လူနေမှု ပတ်ဝန်းကျင် တိုးတက်ရေး ကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စွမ်းဆောင် ရည်မြှင့်တင်ရေး ကဏ္ဍအနေဖြင့် ကျပ်သိန်း ၃၀ ဖြင့်လည်းကောင်း၊ ဝင်ငွေတိုးတက်ရေး ကဏ္ဍ အနေဖြင့် ကျပ် သိန်း ၁၂၀ ဖြင့်လည်းကောင်း၊လူနေမှု ပတ်ဝန်းကျင်တိုးတက်ရေး ကဏ္ဍ အနေဖြင့် ကျပ်သိန်း ၁၅၀ ဖြင့်လည်းကောင်း ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကော်မတီ အဖွဲ့၊ ကျေးရွာသူကျေးရွာသားများနှင့် ညှိနှိုင်းကာ ခရိုင်/မြို့နယ ်စိုက်ပျိုးရေး ဦးစီးဌာန၏ အကြံပေးကူညီမှုများဖြင့် ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း ရာနှုန်းပြည့်ပြီးစီးခဲ့ ကြောင်း SMU ဥက္ကဋ္ဌ ဦးကျော်စိန်က ပြောကြားသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)