ပဲခူး စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၄)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ထူးချွန်ပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းမည့် မျိုးဆက်သစ်အနုပညာရှင်များ ပေါ်ထွန်းလာသည်ကို မြင်တွေ့ရသည့်အတွက် အားရကျေနပ်ဂုဏ်ယူပါကြောင်း၊ ပြိုင်ပွဲကြီးဖြစ်မြောက်ရေးအတွက် အစ၊ အလယ်၊ အဆုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် ပညာရှင်များ၊ အကဲဖြတ်ဒိုင်များ၊ ဌာနဆိုင်ရာများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲတွင် ရွေးချယ်ခံရသူများအနေဖြင့် ပဲခူးတိုင်းဒေသကြီး၏ ဂုဏ်ကို ဖော်ဆောင်ပေးနိုင်ရေးအတွက် စွမ်းရည်၊ ပါရမီများ သာလွန်ကောင်းမွန်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အကောင်းဆုံး လေ့ကျင့်ကြိုးစားပေးကြစေလိုကြောင်းနှင့် လိုအပ်သည်များ ထပ်မံပံ့ပိုးကူညီပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ပထမဆု ရရှိသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးတို့မှ အထူးဆုရရှိသူများ၊ ဒုတိယဆုရရှိသူများ၊ တတိယဆုရရှိသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက နှစ်သိမ့်ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် ခရိုင်အလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုတံဆိပ်များ ချီးမြှင့်ခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ဧည့်သည်တော်များအား ပြိုင်ပွဲဝင်ဆုရသူရှိသူများက အဆို၊ အကများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်စိုးစိုးသက်တို့က ဒိုင်အဖွဲ့များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ပြိုင်ပွဲဝင်ဘာသာရပ် (၇၉)မျိုးဖြင့် အဆို၊ အက၊ အရေး၊ အတီး အနုသုခုမပြိုင်ပွဲဝင် စုစုပေါင်း(၂၀၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ကဏ္ဍအလိုက် ဆုပေါင်း(၁၄၇)ဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)