ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတွင်းသင်ထောက်ကူပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူး   စက်တင်ဘာ   ၁၅    

ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရာပြည့်ခန်းမ၌ ယနေ့နံနက်ပိုင်းက အရာရာကိုသင်ထောက်ကူအဖြစ်အသုံးပြုနိုင်စွမ်းရှိလာအောင် တီထွင်ကြံဆစိတ်များရှိပြီး ကျောင်းသား/ ကျောင်းသူများကိုယ်တိုင် ပြုလုပ်အသုံးပြုနိုင်အောင် စီစဥ်ဆောင်ရွက်တတ်စေရန် အတွက် ကျောင်းတွင်းသင်ထောက်ကူပြိုင်ပွဲ ကျင်းပပြုလုပ်သည်။      

အဆိုပါ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းတွင်းသင်ထောက်ကူပြိုင်ပွဲအား သင်ယူသူများစိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှုနှင့် သင်ယူမှုကိုလှုံ့ဆော်ရန်၊ သင်ပြမှုအကြောင်းအရာကို ရှင်းလင်းလွယ်ကူစွာနားလည်ရန်၊ သင်ယူမှုနှေးကွေးသောသူများ အများနည်းတူသဘောပေါက် နားလည်စွဲမြဲစေရန်၊ အာရုံငါးပါးဖြင့် ကြားမြင်ထိတွေ့သင်ယူရခြင်းဖြင့် ကျယ်ပြန့်သော ဗဟုသုတများရရှိစေရန်နှင့် ဆရာ/ ကျောင်းသားကိုယ်တိုင် သင်ထောက်ကူပစ္စည်းများ ဖန်တီးပြုလုပ်ခြင်းဖြင့် သင်ကြားသင်ယူမှုဖြစ်စဥ်ကို အမြဲတမ်းရရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး KG တန်းမှ Grade-12 အထိ စာသင်ခန်းအသီးသီးမှ ဘာသာရပ်များကို ကျောင်းသား/ ကျောင်းသူများက ဝတ္ထုပစ္စည်များ၊ ဓာတ်ပုံနှင့် ရုပ်ပုံကားချပ်များ၊ မြေပုံ၊ စနစ်ပုံ၊ ဇယားပုံကားချပ်များ၊ ဝတ္ထုမူပုံ (သုံးဖက်မြင်Model)၊ သင်ထောက်ကူသေတ္တာ (kit)၊ လျှပ်စစ်သုံးမီဒီယာပစ္စည်း၊ စာကြည့်တိုက်၊ လှုပ်ရှားမှုသုတေသန၊ သင်ပုန်းကြီးတို့ကို အသုံးပြု၍ ပုံဖော်ကာ ပြိုင်ပွဲဝင်ကြသည်။     

အဆိုပါကျောင်းတွင်းသင်ထောက်ကူပြပွဲ၊ ပြိုင်ပွဲအား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းနှင့် ဆရာ၊ဆရာမများက လိုက်လံကြည့်ရှုအားပေးရာ သက်ဆိုင်ရာအတန်းလိုက် ကျောင်းသား/ ကျောင်းသူများက ရှင်းလင်းတင်ပြကြပြီး အတန်းစဥ်အလိုက် ပြိုင်ပွဲဝင်ပြသထားမှုအား အ-ထ-က(၄)၊ အ-ထ-က(၇)၊ အ-ထ-က (ကျောက်တန်း)၊ အ-ထ-က(ပန်းလှိုင်)တို့မှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများက အကဲဖြတ်အမှတ်ပေးပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပထမ၊ ဒုတိယ၊ တတိယရွေးချယ်ကာ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)