ရွှေတောင် စက်တင်ဘာ ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာကြီး မောင်ငြိမ်းသူ (ကြို့ပင်ကောက်)၏ “မြအဖူးတွေသစ်သစ်ဝေနှင့် လူငယ်ဝတ္ထုတိုများ" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက " မုဒိတာ"စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဒေါ်ခင်ယုနိုင်၊ အေပရယ်ယုနိုင် (ရွှေတောင်)က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား စာပေကိုမြတ်နိုး တန်ဖိုးထားတတ်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် မျိုးဆက်သစ် စာရေးဆရာများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က ရွှေတောင်မြို့နယ်အတွင်းရှိ စာပေချစ်သူ ပြည်သူများအနေဖြင့် စာဖတ်ဝိုင်းများမှ အစပြု၍ စာဖတ်သူ၊စာရေးသူများ တိုးပွားလာစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေဗဟုသုတများ ရရှိစေရန် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မုဒိတာစာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ စာရေးဆရာကြီး မောင်ငြိမ်းသူ (ကြို့ပင်ကောက်)၏ “မြအဖူးတွေသစ်သစ်ဝေနှင့် လူငယ်ဝတ္ထုတိုများ" စာအုပ်ပါ "သိင်္ဂီရွှေခွက်ထဲက ချွေးကလေးတစ်စက်" ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆရာကြီး ဦးအုန်းမောင်(မောင်အေးငြိမ်း-သရက်)နှင့် "ဂုဏ်" ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆရာကြီး ဦးဇော်မင်းတို့က ဖတ်ရှုဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများနှင့် စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင်)တို့က ခြုံငုံသုံးသပ်ကာ ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြာင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)