ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှု ဆက်လက်ဖြစ်ပွား

မြန်အောင် စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ် (၁)ရပ်ကွက် လွန်ဆေးမြိုင် ပန်းခြံအနီး ဆည်မြောင်းစွန့်ပစ်ရေကာတာဘေးတွင်  ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှု ဖြစ်ပွားခဲ့ပြီး ရေပေါ်ရေလွှဲတန်းများနှင့် Floating Unit များပြုလုပ်၍ ကမ်းပြိုကမ်းစားမှု လျော့နည်းအောင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများ၏ လုပ်အားဖြင့် ဆောင်ရွက်ထားရှိခဲ့သည်။  အဆိုပါနေရာတွင် ဧရာဝတီမြစ်ရေ ကျဆင်းလာသည်အတွက် ယနေ့နံနက်က အလျားပေ(၅၀)၊ အကျယ် (၅)ပေခန့် ကမ်းပြိုမှုဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ်းပြိုမှုဖြစ်ပွားသောနေရာအား ဦးတိုးအောင်လင်း ညွှန်ကြားရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၂)ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကမ်းပြိုမှုအခြေအနေအား ကြည့်ရှု၍ ကမ်းပြိုကမ်းစားမှု သက်သာစေရန် ကာကွယ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် စီမံဆောင်ရွက်၍ ပွင့်လင်းရာသီချိန်တွင် မြစ်ကမ်းထိန်းလုပ်ငန်းများ အခိုင်အမာဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍  မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက် မြန်အောင်တာမိုင် ၆/၃ အနီး ဧရာဝတီမြစ်ရေ ကျဆင်းချိန် မြစ်ရေတိုက်စားမှုကြောင့်  ကမ်းပြိုမှုဖြစ်ပွားသောနေရာ၌ မြေသားအက်ကြောင်းများ ဖြစ်ပေါ်နေမှုကို ကြည့်ရှု၍ ကမ်းပြိုမှုသက်သာစေရန် Geotextile ကပ်နံရံ၊ တာပေါ်လင်များ အသုံးပြု၍ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်