ဘိုကလေး စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မြို့နယ်အတွင်းမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေးအတွက် ယနေ့နေ့လယ်(၁)နာရီ အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်သည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဘိုကလေး ကုတင်(၁၀၀) ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဘိုကလေး ကုတင်(၁၀၀)ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်က ကာကွယ်ဆေးထိုးနှံရခြင်း၏ ရည်ရွယ်ချက်များ၊ ဆေးထိုးနှံခြင်း လုပ်ငန်းအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်စီမံထားရမည့် အကြောင်းအရာများ ဆွေးနွေးပြောကြားပြီး ဘိုကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းအခြေပြုကာ ကာကွယ်ဆေးထိုးနှံရန် စီစဉ်ထားရှိမှုများဆွေးနွေးရှင်းလင်းကာ လူထုအခြေပြုကာ ကာကွယဆေးထိုးနှံနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ပါဝင်ပေါင်းစပ်ကူညီပေးပါရန် ဆွေးနွေးပြောကြားသည်။
ဘိုကလေးမြို့နယ်အနေဖြင့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ် များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအတွက် ကျောင်းအခြေပြုနှင့် လူထုအခြေပြုလုပ်ငန်း (၂)ရပ်ဖြင့် ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား ယခုလ(၁၈)ရက်နေ့မှ စတင်၍ ထိုးနှံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)