အုတ်တွင်းမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေး‌ဆွေးနွေး

အုတ်တွင်း စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေး‌ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်နီနီရွှေက အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအတွက် ပြန်လည်ကုစားရေးလုပ်ငန်းစဉ်များကို လူမှုဝန်ထမ်းနည်းလမ်းများဖြင့် ကူညီထောက်ပံ့မှုများပေးအပ်နိုင်ရန်၊ ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေမှုများမဖြစ်ပေါ်စေရေးနှင့် လျော့နည်းပပျောက်စေရေးအတွက် ဥပဒေ၊နည်းဥပဒေများပြဌာန်းခြင်း၊ သက်ဆိုင်ရာဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ထိုအသိပညာပေးဆွေးနွေးပွဲကိုပြုလုပ်ခြင်းဖြစ်ကြောင်းပြောကြားပြီး ပြစ်မှုကျူးလွန်သူကိုထိရောက်စွာအရေးယူနိုင်ပြီး ကလေးသူငယ်များအပေါ် ခေါင်းပုံဖြတ်ခြင်း၊ အလွဲသုံးစားပြုကျင့်ခြင်းတို့မှကာကွယ်နိုင်ရန်၊ ကလေးသူငယ်အခွင့်အရေးများအား ပြည်သူများမှကျယ်ကျယ်ပြန့်ပြန့်သိရှိခြင်းအားဖြင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများလုံးဝပပျောက်သွားစေရန် မျှော်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းမှဆက်လက်ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသော ကြက်သွန်ခင်း(၂)ရပ်ကွက် အ.လ.က (ခွဲ)မှဆရာ/ဆရာမများနှင့် အလယ်တန်းကျောင်းသား ကျောင်းသူ(၅၀)ဦးနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီး‌ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)