ကျောက်တံခါး စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အ-ထ-က(ကျောက်တံခါး)ကျောင်း၊ ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစည်သူစန်းက ကျောင်းအခြေပြုနှင့်ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း၏ ရည်မှန်းချက်များ၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားရခြင်းအကြောင်းအရင်းများ၊ ရောဂါလက္ခဏာများ၊ ကုသနိုင်သောနည်းလမ်းများအကြောင်းကို ဟောပြောဆွေးနွေးပြီး မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဦးထွန်းထွန်းအောင်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းအကြောင်း၊ ဆရာမဒေါ်နန်းနန်းထွေးက သွားနှင့်ခံတွင်း သန့်ရှင်းစွာထားနိုင်ရေး အသိပညာပေးခြင်းနှင့် ဆရာမဒေါ်မူမူချိုက ပျိုဖော်ဝင်စအရွယ် သိရှိလိုက်နာရမည့်အချက်များတို့ကို ဟောပြောခဲ့ကြသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းအား အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များတွင် စတင်ထိုးနှံမည်ဖြစ်ပြီး ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြုပုံစံများဖြင့် စက်တင်ဘာလ (၁၈)ရက်နေ့မှ(၂၉)ရက်နေ့အထိ ကျောင်းအခြေပြုကာကွယ်ဆေး ထိုးနှံခြင်းကိုလည်းကောင်း၊ အောက်တိုဘာလ(၁၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ ပြည်သူလူထုအခြေပြုကာကွယ်ဆေးထိုးနှံခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (မြို့/နယ်)