ကလေး၊ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများအချင်းချင်းရင်းနှီးမှုရှိပြီး စာဖတ်သည့်အလေ့အထ အကျင့်ကောင်းများကို လက်ဆင့်ကမ်းနိုင်ရန်နှင့် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများ ရရှိရန်ရည်ရွယ်၍ စာရေးဆရာအောင်သင်းရေးသားသည့် ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်ကိုစက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီက ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ စာရေးဆရာ အောင်သင်းရေးသားသည့် ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်တွင်ပါဝင်သည့် ဟောပြောချက်၊ အမေးအဖြေများ၊ နောက်ဆက်တွဲအမေးအဖြေများ၊ ဗေဒင်နှင့် ဘ၀ရည်မှန်းချက်များတို့ကို ရုပ်သံကျွမ်းကျင် (၃) ဦးကျင်ဆောမ်တွောင်က ဖတ်ကြားဆွေးနွေးသည်။
အဆိုပါစာအုပ်ဖတ်ကြားဆွေးနွေးမှုအပေါ် ဒုတိယဦးစီးမှူးဒေါ်ဝေမာချိုက မေးမြန်းဆွေးနွေးရာ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ ဦးထွန်းမင်းအောင်တို့က တက်ရောက်လာသည့် ဝန်ထမ်းများအား အဓိကအားဖြင့် ဘာကိုပဲလုပ်လုပ် ကိုယ့်ဉာဏ်ကိုသာ အားကိုးပြီးဗေဒင်လက္ခဏာဆရာကို တိုင်ပင်မည့်အစား ဗဟုသုတဉာဏ်အမြော်အမြင်ကြီးသော၊ မိမိအပေါ်တွင်လည်း မေတ္တာထားသော၊ သမာဓိလည်းရှိသော ပုဂ္ဂိုလ်မျိုးကို တိုင်ပင်ကြည့်တာက ပိုပြီးအကျုးသက်ရောက်စရာရှိပါတယ်ဟု မိမိတို့၏အမြင်နှင့် ခံစားချက်များကို ပြန်လည်သပ်သုံးဆွေးနွေးပေးခဲ့ကြသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့ခေတ်လူငယ်မောင်မယ်များအတွက် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်၊ အနာဂတ်တွင် ကောင်းမွန်သောလူမှုပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်စေရန် ပညာရေးနယ်ပယ်မှ ဆရာ/ဆရာမနှင့် ကျောင်းသားကျောင်းသူများ၊ ခေတ်ပညာတတ်လူငယ်များမှ စာဖတ်ဝါသနာပါသူများ၊ စာအုပ်စာပေဝါသနာရှင်များစုစည်း၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းကို ဖွဲ့စည်းကာ စာဖတ်ဝိုင်းများ၊ စာပေစကားဝိုင်းများ၊ လူငယ်စကားဝိုင်းများ၊ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာအုပ်စာစောင် ဝေဖန်သုံးသပ်ပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)