လပွတ္တာ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက အမှတ် (၃)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် ပြည်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူ အချင်းချင်းချစ်ခင်ရင်းနှီးမှုရရှိပြီး အသိပညာဗဟုသုတများ ဖလှယ်နိုင်စေရန်၊ ယဉ်ကျေးလိမ္မာစွာ ပြောဆိုတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူအများရှေ့တွင် ပြောဆိုဆွေးနွေး တတ်စေရန်တို့အတွက် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ Grade-9 ကျောင်းသား၊ ကျောင်းသူ များဖြစ်သည့် မောင်ကြယ်ဇင်ခန့်၊ မသူသူမိုးမြင့်၊ မမြတ်ဖူးပြည့်နှင့် မောင်သက်မင်းလှိုင်တို့က လူငယ်နှင့်ကြီးပွားရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ရည်မှန်းချက် စသည့် ခေါင်းစဉ်များနှင့် အသီးသီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများမှ သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ပြန်လည်ဆွေးနွေးခဲ့ ကြသည်။
အဆိုပါစကားဝိုင်းသို့ ကျောင်းသား၊ ကျောင်းသူ(၅၄)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် ပြန်/ဆက်ဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်