ဂန့်ဂေါမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ဂန့်ဂေါ စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့်အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် ခေတ္တမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လွင်က ကျွန်တော်တို့နိုင်ငံမှာ HPV လို့ခေါ်တဲ့ (Human Papillomavirus Vaccine)ကို  ၂၀-၁၀-၂၀၂၀ ရက်နေ့မှာ (၁၃)မျိုးမြောက် ကာကွယ်ဆေးအနေနဲ့ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်၌ ထည့်သွင်းထိုးနှံခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိန်းကလေးငယ် (၅၁၅၇၁၁)ဦးလျာထားခဲ့ရာ ကာကွယ်ဆေးကို (၉၀) ရာခိုင်နှုန်းအထိ ထိုးနှံနိုင်ခဲ့ပါတယ်၊ မကွေးတိုင်းအနေနဲ့ (၃၆၁၅၃)ဦးလျာထားခဲ့ရာ (၉၅.၉)ရာခိုင်နှုန်း ထိုးနှံ နိုင်ခဲ့ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကြောင့် သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ HPV ပိုးအမျိုးအစား လေးမျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူး ဦးစန်းဝင်းက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဂန့်ဂေါမြို့နယ်တွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို မြို့ပေါ်ရှိစာသင်ကျောင်း(၇)ကျောင်းတွင် စတင်ထိုးနှံမည်ဖြစ်ကြောင်းနှင့် ပြည်သူအခြေပြုကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)