ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် Book Club အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ဘောဂလိ စက်တင်ဘာ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းသိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာကျော်စိန်ရေးသားသော "လူငယ်လမ်းညွှန်"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့ဦးစီးမှူးဒေါ်ကြည်ကြည်ခိုင်က စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်းတစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ဝင်များက ရည်မှန်းချက်ဘဝပန်းတိုင်၊ အလေ့အထဟူသည်၊ ဆက်ဆံရေးတုံ့လှယ်မှု ဖွံ့ဖြိုးခြင်း၊ မိတ်ဆွေဖြစ်နည်းအမျိုးမျိုး ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မူးလားလာ(ပြန်/ဆက်)