ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ပေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၁၅

၂၀၂၃ ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်‌နေ့နံနက် ၁၀ နာရီက "ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ပေး" ခေါင်းစဥ်ဖြင့် ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ပတ်သက်ပြီး ပြည်သူများ သိရှိစေရန် ယခုကဲ့သို့ အသိပညာပေး ဟောပြောပွဲကို ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကန့်ဘလူခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးသန္တာအောင်က ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ရေး လိုအပ်ပုံ၊ ရာသီဥတု ပြောင်းလဲရခြင်းတွင် သဘာဝအရပြောင်းလဲခြင်းနှင့် လူသားတို့၏ အမူအကျင့်များကြောင့် ပြောင်းလဲခြင်းစသည့် အကြောင်းရင်းများ၊ မှန်လုံအိမ်ဓာတ်ငွေ့ ခြောက်မျိုး၊ ကမ္ဘာမြေကြီးအားထိန်းသိမ်းဖို့ ရာသီဥတုပြောင်းလဲမှုကို လျော့ချနိုင်မည့် နည်းလမ်းများ၊ ကမ္ဘာမြေပြင်သို့ နေမှလာသော လူကိုအန္တရာယ်ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည်အား ကာကွယ်ထားသည့် အိုဇုန်းလွှာအကြောင်းနှင့် အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်‌ရေး နည်းလမ်းများ စသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော စာအုပ်စာစောင်များနှင့် ဓာတ်ပုံ/နံရံကပ်စာစောင်များ ပြသထားရှိမှုတို့ကို စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အောင်၀င်းငြိမ်း(ကန့်ဘလူ)