မအူပင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ စစ်ဆေး

မအူပင်  အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆန္ဒမဲလက်မှတ်များ စစ်ဆေးရာတွင် မအူပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်သန်းမြင့်နှင့် အဖွဲ့ခွဲဝင်များ ကော်မရှင်အဖွဲ့ခွဲတွင်ပါဝင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များက မဲဆန္ဒနယ်အလိုက် ရရှိမည့်ဆန္ဒမဲလက်မှတ် အရေအတွက် ပြည့်/မပြည့်၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ်၊ စွန်းထင်းစုတ်ပြဲနေသော ဆန္ဒမဲလက်မှတ် ပါဝင်မှု ရှိ/ မရှိ၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက်၊ ကိုယ်စားလှယ်လောင်းများ၏အမည်နှင့် အသုံးပြုသင်္ကေတများ မှန်ကန်မှု ရှိ/ မ ရှိ တို့ကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မအူပင်မြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၂၄၀၈၈၈)ဦး ရှိပြီး မဲရုံပေါင်း(၃၁၁)ရုံ ဖွင့်လှစ်ဆောင်ရွက် မည်ဖြစ်ပြီး မဲလက်မှတ် (၁)အုပ်လျှင် (၅၀)ရွက်ပါရှိကာ ပြည်သူ့လွှတ်တော် (၅၅၂၆)အုပ်၊ အမျိုသားလွှတ်တော် (၅၅၂၅)အုပ်၊ အမှတ်(၁) တိုင်းဒေသကြီး (၂၈၈၁)အုပ်၊ အမှတ်(၂)တိုင်းဒေသကြီး(၂၆၁၃)အုပ်၊ ကရင်(၁၄၇၄)အုပ်၊ ရခိုင်(၁၅)အုပ် ဆန္ဒမဲလက်မှတ် စုစုပေါင်း(၁၈၀၃၄)အုပ် ထုတ်ပေးနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ်များ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။


အောင်မြင့်မြတ်(မအူပင်)